“ဂီတ ၊ ရုပ်ရှင် ၊ သဘင် ၊ စာပေ ၊ ပန်းချီ ၊ပန်းပု ၊ မိတ်ကပ် ၊ဒီဇိုင်နာ စတဲ့ အနုပညာနယ်ပယ်မှာ ရှိတဲ့ သက်ကြီး အနုပညာရှင်များအတွက် ဖွင့်လှစ်ထားတဲ့ ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာနှင့် အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေဖျော်ဖြေပွဲကို ဇွန်လ ၂ ရက်နေ့၊ ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဲဒီ ဖျော်ဖြေပွဲမှာတော့ တေးရေး မင်းကို ရေးသားထားတဲ့ တေးသီချင်းတွေကို ရုပ်ရှင်၊ ဂီတမှ အနုပညာရှင်များ ဖြစ်ကြတဲ့ စိန်ဝင်းထွန်း ၊ ချမ်းချမ်း ၊ အေသင်ချိုဆွေ ၊ ဇွဲပြည့် ၊ရတနာမိုင် ၊နန်းခင်ဇေယျာ ၊ပွင့် အစရှိတဲ့ အနုပညာ ရှင်များက ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။
ဖျော်ဖြေပွဲမှ ရရှိတဲ့ ငွေကြေးများအားလုံးကိုတော့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာရှိတဲ့ ဘိုးဘွားများအတွက် လှူတန်းသွားမှာ ဖြစ်ပါတယ်။
“ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို ၂၀၁၀ခုနှစ်က ကျမတို့ တည်ထောင်ခဲ့တယ်။ အခုချိန်ထိဆိုရင် ဘိုးဘွား ၁၂၀ ဦးရေ နီးပါး ရှိပါတယ်။ အားလုံးဟာ ဂီလာနတွေချည်းပါပဲ။ သန်စွမ်းတဲ့ ဘိုးဘွားများကို တခြားသော ရိပ်သာများကို ပို့ပေး ပါတယ်။ ဂီလာနဘိုးဘွားတွေကိုတော့ ကျမတို့ ဆီမှာသာစောင့်ရှောက်တဲ့အတွက် ခိုကိုးရာမဲ့ မိသားစုမဲ့ နေစရာမဲ့ ဆေးဝါးကုသမှုခံယူရမယ့် ဘိုးဘွားတွေချည်းပါပဲ” လို့ တည်ထောင်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ရန်ပုံငွေ ဖျော်ဖြေပွဲပြုလုပ်မယ့် အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲ လက်မှတ်များကို ငွေကျပ် ၅ထောင်မှ စတင်ကာ ငွေကျပ် ၃သောင်းထိ သတ်မှတ်ထားကာ ရရှိလာတဲ့ အကျိုးအမြတ်များကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။