သရုပ်ဆောင် ရွှေမှုံရတီရဲ့ ညီမဖြစ်သူ ငွေမှုံရတီကတော့ ဆယ်တန်းစာမေးပွဲ ဖြေဆိုပြီး ရုပ်ရှင်ရိုက်ကူးမှုတွေ ရပ်နားထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမဖြစ်သူ ရွှေမှုံရတီရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးတော့မယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ငါးစိမ်းသည်ဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်ဖြစ်မယ်လို့ ငွေမှုံရတီ က ပြောပါတယ်။
“၆လပိုင်းကျရင် သဲနဲ့အတူ ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိပါတယ်။ ငါးစိမ်းသည် ကာရိုက်တာပေါ့။ ရပ်ကွက်အထာ ပုံံစံလေးပါ။ ဈေးထဲမှာ ကိုအောင်ရဲလင်းကို လုကြမှာ။ ဒီကာရိုက်တာက လုပ်တော့ မလုပ်ဖူးဘူး ဒါပေမယ့်ပုံမှန်ပဲ ညီအစ်မနှစ်ယောက်က အချိန်တိုင်းသတ်နေတော့ အထွေအထူးလုပ်စရာမလိုပါဘူး” လို့ ငွေမှုံရတီက ပြောပါတယ်။
ငွေမှုံရတီကို ငါးစိမ်းသည် ဇာတ်ရုပ်နဲ့ မြင်တွေ့ရမယ့် ရုပ်ရှင်ကားကြီးကိုတော့ ၆လပိုင်းမှာ ရွှေမှုံရတီရဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေးက ရိုက်ကူးသွားမှာဖြစ်ပြီး အောင်ရဲလင်းနှင့်အတူ ရွှေမှုံရတီ ၊ ငွေမှုံရတီ တို့ ညီအစ်မ နှစ်ဦးက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မကြာသေးမီက ဆယ်တန်းစာမေးပွဲကို ဖြေဆိုထားတဲ့အတွက် အခြေအနေကို မေးကြည့်တဲ့အခါမှာတော့ “စာမေးပွဲကတော့ အဖြေထွက်မှပဲ သိရမှာပါ။ အောင်အောင်ဖြေမှာပါ”လို့ ငွေမှုံရတီက ဆိုပါတယ်။
အမဖြစ်သူနဲ့ ပတ်သက်ပြီးတော့လည်း “သဲက ညီမရဲ့ ဒုတိယအမေပါ အရမ်းကိုသွန်သင် ဆုံးမပေးတယ်။ လက်တွေ့ ကျကျသင်ပေးတယ်။ သူ့ဆီကနေ လူကြီးဆန်မှုရယ် အောင်မြင်မှုရယ်ကို အတုယူရမယ် အတုယူရမှာတွေတော့ အများကြီးပဲ။ အောင်မြင်မှုအတွက်တော့ ညီမရဲ့ ကြိုးစားမှုနဲ့ ဆိုင်သွားပြီ။ ပံ့ပိုးပေးတဲ့သူတွေက ပံ့ပိုးပေးတာကို ညီမကြိုးစားဖို့ဘဲ လိုတယ်” လို့ ငွေမှုံရတီက ပြောပါတယ်။