ကလေးသရုပ်ဆောင် အိစိကွေးက လတ်တလောမှာ ကိုရီးယားနဲ့ မြန်မာ ပူးပေါင်းရိုက်ကူးမယ့် ဇာတ်လမ်းတွဲမှာ ပါဝင်ခွင့် ရဖို့ သွားရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲကြီးကနေ သူ့ဘဝမှာ အမှန်ကန်ဆုံးလုပ်ရပ်ကို လုပ်ခဲ့ရလို့ ဝမ်းသာမိတဲ့အကြောင်း အိစိကွေးက သူရဲ့ Facebook မှာ ရေးသားထားပါတယ်။
“ကိုရီးယားနဲ့ မြန်မာပေါင်းပြီး ဇာတ်လမ်းတွဲ ရိုက်ဖို့အတွက် Casting စဝင်ရပါတယ်။ အရင်ဆို Casting ဝင်ရင် ဒိုင်နဲ့ ကိုယ်နဲ့ပဲ ရှိတယ်။ အခုဟာက အဲ့လိုမဟုတ်ပဲ ပြိုင်ပွဲတခုလို ပြိုင်ရပါတယ်။ အိစိလည်း Casting ထင်ပြီး သွားခဲ့ပါတယ်။ ဟိုကို ရောက်တော့ အားလုံးက ဂြိုလ်သားမြင်သလို ကြည့်ပြီး အချင်းချင်း ပြောဆိုနေကြတာကို အိစိကွေး တယောက် သဘော ပေါက်သွားခဲ့တယ်” ဆိုပြီး ရေးသားထားပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီပြိုင်ပွဲက အနုပညာလောကကို ဝင်ကြမယ့် မျိုးဆက်သစ် လူငယ်များအတွက် ပိုသင့်တော်တဲ့ အကြောင်း၊ အိစိကွေးအနေနဲ့ အခြေအနေအရ ဝင်မပြိုင်ဘဲ လက်လျှော့လိုက်ကြောင်း၊ လူငယ်များကို နေရာပေးချင်တဲ့ သူကိုယ်တိုင်လည်း ဝင်မပြိုင်ဖြစ်ခဲ့ကြောင်း ရေးသားထားပါတယ်။
ပြိုင်ပွဲမှာ တွေ့ကြုံ့နေရတာနဲ့ ပတ်သတ်ပြီး အိစိကွေးက “အဲ့အချိန်မှာပဲ ဘေးက ရှိတဲ့ ပြိုင်ပွဲဝင်တချို့ကလည်း ပြောကြပါတယ်။ အိစိကို ဒိုင်လာလုပ်တယ် ထင်တယ်ပေါ ။ အိစိသာပြိုင်နေရင် သူတို့ ပြိုင်မနေတော့ပါဘူးဆိုတဲ့ စကားကို ကြားရတော့ အရမ်း စိတ်မကောင်းဖြစ်မိတယ်။ ဪ ငါ မျိုးဆက်သစ် ဝါသနာရှင်တွေကို လမ်းပိတ်မိနေပြီလား ဆိုပြီး တွေးရင်းနဲ့ ပြန်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တွန့်ဆုတ်မနေဘဲ ပြန်ခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။
အိစိကွေးက ကလေးသရုပ်ဆောင်အနေနဲ့ အားပေးခြင်း ခံခဲ့ရသလို လက်ရှိမှာလည်း ရုပ်ရုင် ဇာတ်ကားတွေကို ရိုက်ကူးနေပြီး သီချင်းတွေလည်း သီဆိုနေသူတဦးပါ။ ဒါ့အပြင့် အိစိကွေးက အကယ်ဒမီ ပေးပွဲတုန်းကလည်း အကယ်ဒမီမောင်မယ် အဖြစ် ပါဝင် ကူညီပေးခဲ့ ဖူးပါသေးတယ်။