ဒါရိုက်တာကြီး Steven Spielberg နဲ့ မင်းသား Leonardo DiCaprio တို့ဟာ အမေရိကန်သမ္မတဟောင်း Ulysses S. Grant ရဲ့ ဘဝအတ္ထုပ္ပတ္တိ ရုပ်ရှင်တခုမှာ ပြန်လည်ဆုံစည်းနိုင်ချေ ရှိနေပါတယ်။
“The Wolf of Wall Street” ရုပ်ရှင်မင်းသား Leonardo နဲ့ “The Post” ရုပ်ရှင်ဒါရိုက်တာကြီး Spielberg တို့ဟာ စာရေးဆရာ Ron Chernow ရဲ့ “Grant” ဝတ္ထုကို မှီငြမ်းရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်ဖို့ ဆွေးနွေးနေကြတယ်လို့ ဆိုပြီး မင်းသား Leonardo က သရုပ်ဆောင်နိုင်ချေရှိနေပြီး ဒါရိုက်တာကြီး Spielberg တော့ ရိုက်ကူးဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၀၂ ခုနှစ်တုန်းက “Catch Me If You Can” ဆိုတဲ့ ရုပ်ရှင်မှာလည်း အတူလက်တွဲ ပါဝင်ခဲ့ကြပါတယ်။
Deadline မီဒီယာရဲ့အဆိုအရ Lionsgate ကုမ္ပဏီနဲ့ မင်းသား Leonardo ရဲ့ Appian Way ရုပ်ရှင်ထုတ်လုပ်ရေးတို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပြီး အမေရိကန်ပြည်တွင်းစစ် ဗိုလ်ချုပ်ကြီးနဲ့ ၁၈ ဦးမြောက် အမေရိကန်သမ္မတရဲ့ ဘဝကို ပုံဖော်ထားတဲ့ “Grant” ဝတ္ထု မူပိုင်ခွင့်ကို ဝယ်ယူခဲ့ကြပါတယ်။ Lionsgate အတွက် “Robin Hood” နဲ့ Appian Way အတွက် ဇာတ်ညွှန်းတွေ ရေးပေးနေတဲ့ David James Kelly က အခုမှီငြမ်းဝတ္ထုကို ဇာတ်ညွှန်း ရေးသားပေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။
စာရေးဆရာ Chernow ဟာ ၂၀၁၀ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Washington: A Life” ဆိုတဲ့ သူ့ရဲ့ စာအုပ်ကြောင့် ၂၀၁၁ ခုနှစ် အမေရိကန်သမိုင်းစာအုပ်ဆုနဲ့ ၂၀၁၁ ခုနှစ်အတွက် ဘဝအတ္ထုပ္ပတ္တိပူလစ်ဇာဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။ သူဟာ တိုနီဆု ရရှိခဲ့တဲ့ ပြဇာတ်တခုဖြစ်တဲ့ “Hamilton” ရဲ့ မူရင်းမှီးငြမ်းဝတ္ထု “Alexander Hamilton” ကိုလည်း ၂၀၀၄ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။
Deadline မီဒီယာက ဖော်ပြထားသလို မင်းသား Leonardo နဲ့ ဒါရိုက်တာကြီး Spielberg တို့ရဲ့ လက်ရှိ အလုပ် အချိန်ဇယားဟာ သူတို့နှစ်ဦးလက်တွဲ ရိုက်ကူးဖြစ်ဖို့အတွက် အဓိကကျတဲ့အချက်တွေဖြစ်တယ်လို့ ဆိုပါတယ်။
မင်းသား Leonardo ဟာ ဒါရိုက်တာ Quentin Tarantino ရိုက်ကူးပြီး နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Brad Pitt နဲ့ မင်းသမီး Margot Robbie တို့ပါဝင်ကြမယ့် “Once Upon a Time in Hollywood” ရုပ်ရှင်မှာလည်း ပါဝင်ဖို့ရှိနေပါတယ်။
ဒါရိုက်တာကြီး Spielberg ကလည်း “Indiana Jones V” နဲ့ “West Side Story” တို့ကိုလည်း ရိုက်ကူးဖို့ ရှိနေတာပါ။ မင်းသား Leonardo နဲ့ Appian Way ရဲ့ ပါတနာ Jeniffer Davisson က အဲဒီရုပ်ရှင်ကို ထုတ်လုပ်မှာဖြစ်ပြီး စာရေးဆရာ Chernow က အမှုဆောင် ထုတ်လုပ်သူအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
ရုပ်ရှင်ဖြန့်ချိမယ့်ရက်ကို မသတ်မှတ်ရသေးပေမယ့် စတူဒီယိုက ဒီရုပ်ရှင်ကို ဦးစားပေးလုပ်ဆောင်မယ်လို့ ဆိုထားပါတယ်။
Ref:aceshowbiz