အဆိုပိုင်းမှာလည်း အောင်မြင်မှုတခုရရှိထားပြီး လတ်တလော ရုံတင်ပြသနေတဲ့ ရုပ်ရှင်ကားကြီး “ဒုဋ္ဌဝတီကိုလွန်၍” မှာလည်း ပါဝင်သရုပ်ဆောင်ထားသူကတော့ အမွန်းပါ။ အမွန်းဟာ ဒီဇာတ်ကားမှာဆိုရင် မြင်တွေ့နေကျ အဆိုတော် အမွန်းရဲ့ ပုံစံနှင့်ကွဲထွက်ပြီး တည်ငြိမ်စွာ သရုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီကားနဲ့ ပတ်သတ်ပြီး ဝေဖန်မှုများရှိသလို နှစ်ခြိုက်သူများလည်း ရှိနေတဲ့ အမွန်းကို ဒီဇာတ်ကားနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများ၊ အခက်အခဲများနဲ့ လတ်တလော အနုပညာလှုပ်ရှားမှုများ အကြောင်းကို ဧရာဝတီ သတင်းထောက် ယုဖြူဟန်က သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ အမွန်း လတ်တလော ဘာတွေ လုပ်ဖြစ်နေလဲ။
ဖြေ။ ။ လတ်တလောတော့ ဒုဌဝတီကိုလွန်၍ ရုပ်ရှင်ကားနဲ့ ပတ်သက်တဲ့ ပရိုမိုးရှင်းတွေ လုပ်ဖြစ်တယ်။ အလုပ်နဲ့ ပတ်သက်တဲ့ ခရီးတွေအများကြီး သွားဖြစ်နေတယ်။
မေး။ ။ ဒုဌဝတီကိုလွန်၍နဲ့ ပတ်သက်ပြီး ဘယ်လိုတွေပြန်ကြားရလဲ။
ဖြေ။ ။ Feedback ကတော့အမျိုးမျိုးပဲ။ ပရိသတ်တွေက ပထမဆုံးကားမှာ သူတို့အရမ်းအားပေးတယ်ဆိုတဲ့ Feedback လည်းရတယ်။ တချို့တွေက လိုတယ်ထင်တာလေးတွေ ထောက်ပြတာရှိတယ်။ တော်တော်များများ ပရိသတ်တွေကတော့ ဆက်ပြီးတော့မှ ရုပ်ရှင်ကားတွေထပ်ရိုက်ပါဆိုတာတွေ ပြောကြပါတယ်။ အားလုံးကို ခြုံပြီး ပြောရရင်တော့ ဒုဋ္ဌဝတီကိုလွန်၍ ကားကို ကြိုက်ကြတယ်။ ရုံမှာကြိတ်ကြိတ်တိုးတယ်။ တချို့ရုံတွေဆိုရင် မြန်မာနိုင်ငံက ရုံ ၂၀ ကျော်က နောက်တပတ်တိုးပြီး ပြဖို့ရှိတယ်ပေါ့။
မေး။ ။ ဒီကားက အမွန်းအတွက် ပထမဆုံးကားလည်း ဖြစ်တယ်။ ပြန်ကြားရတဲ့ Feedback တွေကလည်း ကောင်းတယ် ဆိုတော့ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ ဝမ်းသာပါတယ်။ အဲဒါလွန်ခဲ့တဲ့ ၂နှစ်လောက်က ရိုက်ထားတာဆိုတော့ အခုပြန်ကြည့်တဲ့အခါမှာ ဘယ်လိုဖြစ်မလဲ ဆို ရင်ခုန်ခဲ့တယ်။ ပရိသတ်ကလည်း အရမ်းအားပေးတယ်။ ရုံတွေကလည်း ပြည့်တယ်ဆိုတော့ ခံစားချက်က အတိုင်းမသိပဲ။ နောက်ပြီးတော့ ရိုက်ထားတဲ့လူတွေကလည်း ဒါရိုက်တာအာကာဆိုရင်လည်း ပထမဆုံးရိုက်တဲ့ကားပဲ၊ အမွန်းအနေနဲ့ ကလည်း ပထမဆုံးပဲ။ ထုတ်လုပ်ရေးအတွက်လည်း ပထမဆုံးပဲ။ အဲဒီလို ပထမဆုံးအကြိမ်တွေစုထားတဲ့ ဒီရုပ်ရှင်ကားက ပရိသတ်ရဲ့ လက်ခံမှုရတဲ့ အတွက်ကြောင့် နောက်ထပ်လူငယ် တွေပေါင်းပြီးလုပ်ထားတာတွေကို အသိအမှတ်ပြုတဲ့အတွက် ဝမ်းသာပါတယ်။
မေး။ ။ ကိုယ်သရုပ်ဆောင်ထားတာကို ကိုယ်တိုင်ပြန်လည်ကြည့်ရတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသုံးသပ်မိလဲ။
ဖြေ။ ။ဘယ်လိုသုံးသပ်မိလဲဆိုတာထက် ဒါဟာငါ့ရဲ့ပထမဆုံးအကြိမ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ညှာညှာတာတာလေး ဝေဖန်တာပေါ့နော်။ တချို့နေရာတွေမှာ နောက်တခေါက် နောက်တခေါက်တွေ သရုပ်ဆောင်ရင် လိုတာတွေနဲ့ ပိုတာတွေကို ညီသွားနိုင်အောင် ကြည့်ဖြစ်ပါတယ်။
မေး။ ။ကိုယ့်ရဲ့ ပထမဆုံးပွဲဦးထွက်ကားကို ကြည့်ပြီး နောက်ထပ်ဆက်လက်ဖို့အတွက် ခွန်အားတွေဖြစ်လား။
ဖြေ။ ။ဖြစ်ပါတယ်။ နောက်ထပ် သရုပ်ဆောင်အလုပ်ကို ဆက်လုပ်သွားပါမယ်။
မေး။ ။ ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်မှာ ပါဝင်ဖြစ်ခဲ့ပုံကရော။
ဖြေ။ ။အမွန်းက ၂၀၁၆မှာ အမွန်းရဲ့ ဆက်ပြီးလုပ်မယ့် အနုပညာလမ်းကြောင်းထဲမှာ သရုပ်ဆောင်အလုပ်ကို လုပ်ဖို့အတွက် ၂၀၁၆ နှစ်အစမှာထည့်ပြီး စဉ်းစားခဲ့တယ်။ ဒါပေမယ့် ဘယ်ကနေစပြီးလုပ်ရမလဲတော့ မသိသေး ဘူးပေါ့။ ၂၀၁၆ရဲ့ မတ်လမှာ ဒါရိုက်တာ အာကာဆီက ဖုန်းဝင်လာတယ်။ သူတို့ရုပ်ရှင်မှာ အမွန်းကို မင်းသမီး တင်ရိုက်ချင်ပါတယ် ဆိုပြီးတော့ ဆက်သွယ်လာတယ်။ ကိုယ်ရည်ရွယ်ထားတဲ့နှစ်မှာပဲ ကိုယ့်ကိုပေးအပ်လာတဲ့ တာဝန်ကလည်း ခေါင်းဆောင်မင်းသမီးဖြစ်နေတယ်။ အဲဒီလိုနဲ့ ပါဝင်ဖြစ်သွားတာပါ။
မေး။ ။ဒီကားထဲမှာ အမွန်းအတွက် ခက်ခဲတဲ့အပိုင်းက ဘာဖြစ်မလဲ။
ဖြေ။ ။စကားပြောတာ မြန်တယ်။ အဲဒီထဲမှာ အပြင်က အမွန်းလိုမျိုး ဖလန်းဖလန်း ထနေလို့ မရဘူးပေါ့နော်။ ဆောင်းနန္ဒာဆိုတဲ့ မင်းသမီးအဖြစ် ပါဝင်နိုင်ဖို့အတွက် ကြိုးစားပြီးတော့မှ အမွန်းကို အဆိုတော်အမွန်း အနေနဲ့ မမြင်စေချင်ဘူး။ ဆောင်းနန္ဒာအနေနဲ့ မြင်စေချင်တယ်။ အဲဒီလိုမျိုးအတွက်ကို အားထုတ်ခဲ့တယ်။ ဒီကားထဲမှာက ထွက်ပဲပြေးနေရတယ်။ အန္တရာယ်ပြုတဲ့သူတွေက အမြဲတမ်းလိုက်နေတဲ့အတွက် တွေဝေနေတာတွေမရှိအောင် အရမ်းလည်းမသွက်သလို အရမ်းလည်းမလေးရဘူးပေါ့နော်။ ပုံမှန်အနေအထားနဲ့ သဘာဝကျအောင် ကြိုးစားပြီးတော့မှ ကိုယ့်ကိုယ်ကိုယ်ထိန်းဖြစ်ခဲ့ပါတယ်။
မေး။ ။သွက်လက်တဲ့မိန်းကလေးတယောက်အနေနဲ့ ဒီကားထဲမှာ အရမ်းထိန်းချုပ်ခဲ့ရလား။
ဖြေ။ ။အမှန်အတိုင်းပြောရရင် ထိန်းချုပ်ခဲ့ရတယ်။ အမွန်းက ဒက်ဒက်ဒက်နဲ့ အမြန်ဆုံးပြောတဲ့သူ အပြင်မှာလည်း ဇိုးဇိုးဇက်ဇက်သမားဆိုတော့ ကာရိုက်တာအရ ဆောင်းနန္ဒာက အဲဒီလို မဟုတ်ဘူး။ သမိုင်းကြောင်းကိုလည်း တလုံးချင်း ရှင်းပြနိုင်တဲ့ မိန်းကလေးဆိုတော့ ထိန်းခဲ့ရပါတယ်။
မေး။ ။ စိန်ခေါ်မှုတခုကိုတော့ အဆင်ပြေပြေ လုပ်နိုင်သွားခဲ့ပြီဆိုတော့ နောက်ထပ် ဘယ်လိုစိန်ခေါ်မှုတွေကို လက်ခံ သွားဖို့ရှိလဲ။
ဖြေ။ ။အမွန်းအတွက် စိန်ခေါ်မှုဖြစ်တဲ့ အရာမှန်သမျှကို ကြိုးစားကြည့်ချင်ပါတယ်။ အဲဒါကတော့ သရုပ်ဆောင် အလုပ်မှ မဟုတ်ဘူး။ အမွန်းရဲ့ နေ့စဉ်ဘဝမှာ အမွန်းကို စိန်ခေါ်တဲ့အရာတွေကို သဘောကျတယ်။ အမွန်းကို စိန်ခေါ်တော့မှ အမွန်းကစိန်ခေါ်မှုတွေကို လုပ်နိုင်တယ်ဆိုတော့မှ လုပ်နိုင်စွမ်းက တက်သွားတယ်လို့ ထင်တယ်။ စိန်ခေါ်မှုမရှိတဲ့ဘဝက ဒုံရင်းဖြစ်နေလိမ့်မယ်။ အမွန်းသရုပ်ဆောင်ဖူးတာဆိုလို့ ဒီ “ဒုဋ္ဌဝတီကိုလွန်၍” ကား တခုပဲ ရှိပါသေးတယ်။ နောက်ထပ် နောက်ထပ် မတူညီတဲ့ကာရိုက်တာတွေ ဇာတ်ညွှန်းတွေကို ကြိုးစားကြည့် ချင်ပါတယ်။
မေး။ ။ နောက်ထပ်ကို ကမ်းလှမ်းထားတာမျိုးရှိပြီလား။
ဖြေ။ ။ ကမ်းလှမ်းထားတာတွေတော့ ရှိပါတယ်။ အခုတော့ ပြောဖို့ စောနေပါသေးတယ်။ သေချာရင်တော့ အသိပေးပါမယ်။ ဆက်လုပ်သွားဖို့ကတော့ သေချာပါတယ်။
မေး။ ။ လာကမ်းလှမ်းလာတဲ့အပေါ်မှာရော ဘယ်လိုရွေးချယ်ပြီး လက်ခံသွားမလဲ။
ဖြေ။ ။အဓိကကတော့ အရည်အသွေးကောင်းကောင်းနဲ့ ပရိသတ်ကို ချပြနိုင်မယ့်ကားဖြစ်မှ အမွန်းပါဝင်မှာပါ။ နောက်ပြီး မြန်မာနိုင်ငံကတိုးတက်ပြောင်းလဲလာတာနဲ့အညီ ကွာလတီတကယ်ရှိတဲ့ကားမျိုးမှ ရိုက်ဖြစ်ပါမယ်ရှင့်။
မေး။ ။လက်ရှိ မြန်မာကားတွေအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အမွန်းကတော့ လက်ရှိရုပ်ရှင်သွားကြည့်ဖြစ်တာက ကိုယ့်ရဲ့ကားကို ရုံတင်တော့မှပေါ့နော်။ အဲဒီမှာ နမူနာ ပြတဲ့ကားတွေ အများကြီးမြင်ပါတယ်။ အဲဒီမှာ မြန်မာကားတွေ အများကြီးကောင်းသွားပါပြီ။ အရင်နဲ့ ကွဲပြားခြားနား ပြီးတော့ ပိုကောင်းလာတယ်လို့ မြင်ပါတယ်။
မေး။ ။ကမ္ဘာကျော် Magazine တခုဖြစ်တဲ့ Forbes မှာ မြန်မာနိုင်ငံက အမျိုးသမီးတယောက်အနေနဲ့ ရွေးချယ် ဖော်ပြခံရတာနဲ့ ပတ်သက်ပြီးတော့ ဝမ်းသာပီတိစကားလေးပြောပြပေးပါ။
ဖြေ။ ။ အခုလိုမျိုး ကမ္ဘာကျော် Magazine ကြီးက အသက် ၃၀ ကျော်အမျိုးသမီး အယောက် ၃၀ စာရင်းထဲမှာ ပါဝင်ခဲ့အတွက် အတိုင်းမသိဝမ်းသာတယ်။ အမွန်းရဲ့လုပ်ခဲ့တဲ့ အလုပ်တွေ အနုပညာရှင်တယောက်အနေနဲ့ မကဘူး။ လူသားတယောက် အနေနဲ့လုပ်ခဲ့တဲ့ အလုပ်တွေ အဲဒါတွေပေါ်မှာကြည့်ပြီးတော့မှ လူ ၂ထောင်ကျော်ကနေ အယောက် ၃၀ ကို ဆန်ကာတင်ရွေးပြီး အဲဒီစာရင်းထဲမှာ ပါဝင်ရတဲ့အတွက် အားတွေအများကြီး ရှိသွားပါတယ်။
မေး။ ။စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ခဲ့တာကိုတွေ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။
ဖြေ။ ။ အမွန်း အစ္စရေးနိုင်ငံကို Forbes မဂ္ဂဇင်းကရွေးချယ်ထားတဲ့ အသက် ၃၀အောက် လူငယ်တွေအပါအဝင် နိုင်ငံတကာလူ ၆၀၀ လောက်လာတက်ကြတယ်။ အဲဒီကို အမွန်းသွားခဲ့ပါတယ်။ ၁၂ရက်နေ့မှာပြန်ရောက်ပြီးတော့ ၁၃ရက်နေ့မှာ အမွန်း မြစ်ကြီးနားသွားခဲ့ပါတယ်။ အမွန်းငယ်ငယ်ကတက်ခဲ့တဲ့ ဘုရားကျောင်းပညာရေးရန်ပုံငွေပွဲမှာ သွားဆိုခဲ့တာပါ။ တချိန်တည်းမှာ စစ်ဘေးရှောင်တွေကို သွားတွေ့ခဲ့ပါတယ်။ သူတို့ကိုလူချင်းသွားတွေ့တယ်။ အားပေးစကားတွေပြောခဲ့ပါတယ်။ ဖျော်ဖြေပေးခဲ့ပါတယ်။
မေး။ ။ကချင်တိုင်းရင်းသူတယောက်အနေနဲ့ ကချင်ပြည်နယ်မှာ စစ်ပွဲတွေဖြစ်ပေါ်နေတဲ့အပေါ်မှာ ခံစားချက်။
ဖြေ။ ။အမွန်းကတော့ စစ်တွေကြီး ရပ်စေချင်နေပါပြီ။ အရမ်းကိုကြာနေပါပြီ။ ပြီးသင့်တာကြာပါပြီလို့ အမွန်း ထင်ပါတယ်။ ထပ်ပြီးတော့ စစ်ပွဲရှည်သ၍ ဒုက္ခသည်ထပ်တိုးဦးမှာပဲ။ စစ်ပွဲကြီးကို ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မရှိသင့်တော့ဘူး။ ရပ်သင့်ပြီလို့အမွန်းထင်ပါတယ်။ အမွန်းတို့ ကချင်တိုင်းရင်းသားတိုင်းရင်းသူ မြေစာပင်တွေကို စစ်ပွဲကြားမှာညှပ်ပြီးတော့ ဒုက္ခရောက်တဲ့ပြည်သူတွေကို ငဲ့ညှာမယ်ဆိုရင်တော့ စစ်ပွဲကြီးကို အမြန်ဆုံး ချက်ချင်း ရပ်သင့်ပါပြီ။ အဓိကကတော့ လူအားနဲ့ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်နဲ့ နွေးထွေးမှုပေးချင်တယ်။ အလှူငွေတွေ ရန်ပုံငွေတွေလည်း အများကြီး ရှာပေးခဲ့ပါတယ်။ ကိုယ်တိုင်တိုက်ရိုက်ဖျော်ဖြေပြီး လူအင်အားနဲ့လည်း အကူအညီ ပေးဖြစ်ပါတယ်။
မေး။ ။အမွန်းရဲ့ ပရိသတ်အတွက် ဘာများပြောချင်ပါသလဲ။
ဖြေ။ ။အမွန်းအခုလောလောဆယ်တော့ အနုပညာလှုပ်ရှားမှုတွေ တောက်လျှောက်လုပ်သွားဖို့ရှိပါတယ်။ အဆိုရော အရေးရော ရုပ်ရှင်ရိုက်ကူးမှုတွေရော သရုပ်ဆောင်အလုပ်ကိုလည်း အချိန်ကိုမျှပြီး လုပ်သွားပါမယ်လို့ အားပေးပါလို့ ပြောချင်ပါတယ်။