“စလုံးချစ်သူ” သီချင်းနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အဆိုတော်နိုင်းဝမ်းက ဒီနေ့ မေလ ၁၈ ရက်နေ့မှာတော့ အသက် ၃၁ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်းဝမ်းက သာသနာ့ဘောင်မှာ ဒုလ္လဘ ဝတ်လိုက်တယ်လို့ သူရဲ့ Facebook ပေါ်မှာ ရေးသားထားပါတယ်။
အသက် ၃၀ ကျော် လာပြီဖြစ်လို့ အဆိုတော်နိုင်းဝမ်းက အရင်ကလို မွေးနေ့ပွဲတွေ လုပ်ပြီး မပျော်ပါးချင်တော့ဘဲ မွေးနေ့မှာ ကိုယ့်ကို မွေးဖွားပြုစုပေးခဲ့တဲ့ မိဘကို ကုသိုလ်ရအောင်လို့ ငါးကြိမ်မြောက် သင်္ဃန်းဝတ်လိုက်တယ် လို့ သိရပါတယ်။
အဆိုတော်နိုင်းဝမ်းက “ဘယ်သူကိုမှ မခေါ်ဘဲ၊ ဘယ်သူ့ကိုမှ မဖိတ်ဘဲ၊ ဘယ်သူကိုမှ အသိမပေးဘဲ တယောက်ထဲ ရန်ကုန်က ထွက်လာကာ လှိုင်သာယာမြို့နယ်ရှိ သစ်တံခါးကျောင်းမှာ သင်္ဃန်းဝတ်ဖြစ်ခဲ့တာပါ” ဆိုပြီး ရဟန်းဝတ် ဖြစ်တာနဲ့ ပတ်သတ်လို့ သူ့ Facebook မှာ ရေးသားခဲ့ပါတယ်။
သူရဲ့ မွေးနေ့ကို ဆုတောင်းပေးကြသူတွေကို နိုင်းဝမ်းက “ မွေးနေ့ဆုတောင်းပေးခဲ့ကြပါသော ချစ်ပရိတ်သတ်များ၊ သူငယ်ချင်းများ ဒကာ၊ ဒကာမတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံး ကိုယ်ရောစိတ်ပါ ကျမ်းမာ ချမ်းသာကြပါစေ။ သာသနာ့ ဘောင်ထဲမှာ ပျော်သလောက်နေပြီးမှပဲ ပြန်လာပါတောမယ်” လို့ ဆိုထားပါတယ်။
အဆိုတော် နိုင်းဝမ်းက သူရဲ့ သီချင်းတွေဖြစ်တဲ့ “စလုံးချစ်သူ”၊ “နင်သာရှိရင်” ၊ “ကမ္ဘာငယ်လေး” စတဲ့ သီချင်းတွေနဲ့ ပရိသတ်အား ပေးမှုခံခဲ့ရတဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။