Entertainment

တမူထူးခြားတဲ့ ဇာတ်လမ်းအကြောင်းအရာနဲ့ ကြည့်ရှုသူကို တုန်လှုပ်သွားစေနိုင်မယ့် Old Boy ရုပ်ရှင်

ဒီတခါမှာတော့ IMDB rating (8.4) အထိရရှိထားတဲ့ ဒါရိုက်တာ Chan-wook Park ရဲ့လက်ရာမြောက် ကိုးရီးယား ဇာတ်ကားကောင်း Old Boy ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Min-sik Choi ၊ မင်းသား Ji-tae Yu နဲ့ မင်းသမီး Hye-jeong Kang တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းရဲ့ အဖွင့်မှာပဲ အိုဒဲ့စု ဆိုတဲ့ အမျိုးသားတယောက် ရဲစခန်းကို မူးရူးသောင်းကျန်းမှုနဲ့ ရောက်နေခဲ့ပါတယ်။ မိုးတွေ သည်းသည်းမည်းမည်း ရွာနေခဲ့တဲ့ အဲဒီနေ့ဟာ သူ့သမီးလေးရဲ့ ၄ နှစ်မြောက် မွေးနေ့လည်းဖြစ်တာကြောင့် ရဲစခန်းကနေ ပြန်လွတ်လွတ်ချင်း သမီးဖြစ်သူကို ဖုန်းဆက်ပြီး အမြန်ပြန်လာနေပြီဆိုတဲ့ အကြောင်းနဲ့  မွေးနေ့လက်ဆောင် ဝယ်ထားကြောင်းကို ဖုန်းဆက်ခဲ့ပါတယ်။

ဖုန်းပြောပြီးချိန်မှာတော့ ထီးဆောင်းထားတဲ့ လူတယောက် သူ့အနားကိုကပ်လာခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ အိုဒဲ့စု တယောက် သတိလစ်သွားခဲ့ပါတော့တယ်။သူပြန်သတိရလာတဲ့အချိန်မှာတော့ အလုံပိတ်အခန်းတခုထဲကို ရောက်နေခဲ့ပြီး ဘာအတွက်ကြောင့် သူဒီအခန်းထဲကို  ရောက်နေခဲ့တယ်ဆိုတာ မသိဘဲနဲ့ ၁၅ နှစ်လောက်ကို အလုံပိတ်အခန်းကျဉ်းထဲမှာပဲ အချိန်ကုန်ခဲ့ရပါတယ်။

တီဗီထဲမှာ ပါတဲ့သတင်းတွေအရ သူ့မိန်းမဟာလည်း အသတ်ခံရပြီး မိန်းမကိုသတ်သူတရားခံကလည်း သူကိုယ်တိုင် ဖြစ်နေကြောင်းနဲ့ ထွက်ပြေးလွတ်မြောက်နေကြောင်းကို သတင်းတွေမှာ အကျယ်တဝင့် ဖော်ပြထားကြပါတယ်။

စိတ်ဓာတ်ကျစရာအခြေအနေတွေကြားထဲမှာ အရာအားလုံးဟာ အကွက်ချစီမံထားမှန်း အိုဒဲ့စု သတိပြုရိပ်မိခဲ့ပြီး ၁၅ နှစ်အကြာမှာတော့ သူ့ကိုထူးဆန်းစွာနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ကို ၁၅ နှစ်လုံးလုံး ဘာအကြောင်းပြချက်မှ မသိရဘဲ ဖမ်းဆီးထားခဲ့တဲ့ အကြောင်းရင်းကို လိုက်စုံစမ်းခဲ့ပြီး လက်စားချေဖို့အတွက် အိုဒဲ့စုရဲ့ ပြင်ဆင်ပုံတွေအပြင် ကြည့်ရှုသူကို Shock အကြီးစားရသွားနိုင်တဲ့ ဇာတ်လမ်းအကြောင်းအရာတွေအဖြစ် ဆက်လက် ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာက ရုပ်ရှင်ဝေဖန်ရေးသမားတွေကြားထဲမှာ ချီးကျူးခံခဲ့ရတဲ့ ဒီဇာတ်ကားဟာ ဟောလိဝုဒ်ကနေ အမေရိကန် Old Boy ဆိုပြီး ၂၀၁၃ ခုနှစ်မှာ ပြန်လည်ရိုက်ကူးခဲ့ရတဲ့အထိ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အရသာဟာ ကိုယ်တိုင်ခံစားကြည့်ရှုကြည့်မှသာ အကောင်းဆုံးရသကို ခံစားနိုင်မှာ ဖြစ်တာကြောင့် မကြည့်ရှု့ရသေးတဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေကို ကြည့်ရှုကြည့်ဖို့ ညွှန်းဆိုပေးလိုက်ရပါတယ်။

Loading