အဆိုတော် အေသင်ချိုဆွေက အချိန်အတိုင်းအတာ တခုအထိ ပရိသတ်တွေရဲ့ မျက်စိရှေ့က ပျောက်သွားခဲ့ပြီးနောက် မကြာသေးမီအချိန်က စိတ်သစ်လူသစ်နဲ့ ပြန်လည်ပေါ်ထွက်လို့ လာခဲ့ပါတယ်။
ပရိသတ်ရှေ့က ပျောက်နေတဲ့အတောအတွင်း အေသင်ချိုဆွေက ဝနေတဲ့ ခန္ဓာကိုယ်ကို လပိုင်းအတွင်း ဝိတ်ချနိုင်ခဲ့ပြီး ယခုအခါမှာတော့ အရင်က မလိုချင်တဲ့ ခန္ဓာကိုယ်ကြီးကနေ ရုန်းထွက်နိုင်ခဲ့ပြီလို့ အေသင်ချိုတွေက ဧရာဝတီကို ပြောပါတယ်။
“ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့လည်း စိတ်ကျေနပ်မှု အပြည့်အဝ မရသေးဘူးဆိုပေမယ့် အရင်က ကိုယ်မလိုချင်တဲ့ ခန္ဓာကိုယ်ကြီးကနေ ရုန်းထွက်နိုင်ခဲ့တယ်။ အလုပ်တွေလည်း ပြန်လုပ်တော့မယ်ဆိုတော့ စိတ်ကို လန်းလန်းဆန်းပဲ နေပါတယ်။ မခံချင်စိတ်တွေရော ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်နေရတာလည်း မလိုချင်တော့ဘူး ဒီခန္ဓာကိုယ်ကြီးကို နေရတာလည်းအဆင်မပြေဘူး လူတွေကြားလည်း မသွားရဲဘူး။ အဲဒီလိုမျိုး ဖြစ်နေတော့ တချိန်လုံး စိတ်ဆင်းရဲနေရတယ်။ လူတွေပြောတာကိုလည်း မခံစားနိုုင်တော့လို့လေ” ဆိုပြီး အေသင်ချိုဆွေက ပြောပါတယ်။
အေသင်ချိုဆွေကတော့ သူမ ဝနေခဲ့စဉ်က တချို့သောသူများရဲ့ Body Shaming လုပ်တာခံခဲ့ရပြီး စိတ်ဓာတ်တွေ ကျကာ ဘာအလုပ်မှ ဆက်မလုပ်ချင်အောင် ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ အေသင်ချိုဆွေရယ်လို့ ပရိသတ်အများရဲ့ ချစ်ခင်မှုကို တခဲနက် ရရှိနေစဉ်မှာပဲ ပရိသတ်ရှေ့ကနေ ပျောက်ကွယ်သွားခဲ့ရတဲ့အတွက် ကုန်ဆုံးသွားခဲ့တဲ့ အချိန်တွေကို နှမြောမိတယ်လို့ ပြောပါတယ်။
“ကုန်သွားတဲ့ အချိန်တွေကို အရမ်းနှမြောတယ်။ ဒါပေမယ့် မစဉ်းစားချင်ဘူး။ လက်ရှိအချိန်မှာ အကောင်းဆုံး ကြိုးစားချင်တယ်။ အဲဒီစိတ်နဲ့ပဲ ရပ်တည်နေတာပါ။ ဖြစ်ခဲ့တဲ့ဟာတွေကို ပြန်ပြီးမတွေးချင်တော့ဘူး။ အခုဆိုရင်ပဲ အရမ်းကို Fresh ဖြစ်နေတယ်။ ဘာအပူအပင်မှ မရှိပါဘူး။ အေသင့်ခေါင်းထဲမှာ Stress သေးသေးလေးပဲ ရှိတယ်။ သီချင်းကိုပဲ အချိန်မီ မထွက်နိုင်မှာ စိုးတယ်။ ကျရှုံးတဲ့အချိန်မှာတော့ အရင်က ချစ်ပါတယ် ဆိုတဲ့ လူတွေတောင် ဘယ်ရောက်သွားမှန်းမသိဘူး။ လောကကြီးအကြောင်းတော့ သိလိုက်ရတာပေါ့။ နောကြေသွားတာပေါ့။ စာတတ်သွားပြီပေါ့လေ” လို့ အေသင်ချိုဆွေက ပြောပါတယ်။
အေသင်ချိုဆွေကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ မကြာခင်အချိန်မှာ အွန်လိုင်းမှတဆင့် သီချင်းတပုဒ်ကို တင်ပေးသွားမှာ ဖြစ်ပြီး သီချင်း ၆ပုဒ်ပါတဲ့ Mini Album ထွက်ရှိဖို့လည်း ရှိတယ်လို့ သိရပါတယ်။
“အေသင်သီချင်း အေးအေးလေးတွေ လုပ်ထားပါတယ်။ အေသင်ကတော့ R & B နဲ့ Hiphop ဘက်ကို သွားဖြစ်မှာပါ။ Single Song အနေနဲ့ တပုဒ်တည်း အရင်ထွက်မယ် အွန်လိုင်းကနေ။ ပြီးတော့မှ Mini Album ၆ ပုဒ်လောက် ထွက်မယ်။ ပရိသတ်တွေ အားလုံးပဲ အေသင်အခု အရမ်းကြိုးစားနေတယ်။ အရင်တုန်းကဟာတွေကို ပြန်မစဉ်းစားနဲ့တော့ အေသင့်ရဲ့ အနာဂတ်လေးကို ပရိသတ်ကြီးက ခံစားပေးပါ။ လက်ခံပေးပါလို့ အကောင်းဆုံး ကြိုးစားမှာပါ” လို့ အေသင်ချိုဆွေက ပြောပါတယ်။
အေသင်ချိုဆွေကတော့ “ပေါက်တဲ့အိုး” ၊ “နမ်းမှာလား” နှင့် “Playboy” စတဲ့ တကိုယ်တော် အခွေများ ထွက်ရှိထားပြီး ပရိသတ်ကြိုက်နှစ်သက်ရတဲ့ အဆိုတော်တယောက် ဖြစ်ခဲ့ပါတယ်။