Deadpool ကတော့ သူ့ကိုယ်သူ စူပါဟီးရိုးလို့ သဘောမထားပေမယ့် သူ့ရဲ့ နောက်ဆုံးဇာတ်လမ်း ရုပ်ရှင်ကတော့ အစကောင်းခဲ့ပြီ ဖြစ်ပါတယ်။ 20th Century Fox ကနေ Marvel Comics ရုပ်ရှင်ဟာ မြောက်အမေရိကမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၄ ထောင်ကျော်မှာ ဒေါ်လာ ၁၂၅ သန်းနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။
အဲဒီပမာဏဟာ ၂၀၁၆ ခုနှစ်မှာ အဖွင့်ရုံဝင်ငွေ ဒေါ်လာ ၁၃၂ ဒဿမ ၄ သန်း ရရှိခဲ့တဲ့ “Deadpool” ရုပ်ရှင်နဲ့တော့ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် မင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားတဲ့ အဲဒီ ရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ ၁၇၆ သန်း ရရှိခဲ့တဲ့အတွက် စုစုပေါင်း ရုံဝင်ငွေ ဒေါ်လာ ၃ဝ၁ သန်း ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ခန့်မှန်းထားတာလောက် ရုံဝင်ငွေ မရခဲ့ပေမယ့် “Deadpool 2” ရုပ်ရှင်ရဲ့ အဖွင့် ပမာဏကိုတော့ စောဒက တက်စရာ မရှိပါဘူး။ အဲဒီရုပ်ရှင်ဟာ R အဆင့်သတ်မှတ်ထားတဲ့ ရုပ်ရှင်တွေထဲမှာတော့ ဒုတိယမြောက် ပွဲဦးထွက် ရုံဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်ပြီးတော့ ဒီနှစ်အတွင်းမှာပဲ ထွက်ရှိခဲ့တဲ့ Marvel ရဲ့ ရုပ်ရှင်တွေ ဖြစ်တဲ့ “Avengers: Infinity War” နဲ့ “Black Panther” တို့ပြီးရင် တတိယမြောက် ရုံဝင်ငွေအများဆုံး ဖြစ်ပါတယ်။
ပြီးတော့ 20th Century Fox ကုမ္ပဏီအတွက် သမိုင်းမှာ ပထမဆုံးသီတင်းပတ်ကုန်ပိုင်း ရုံဝင်ငွေ ဒုတိယအများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ Deadpool 2 ရုပ်ရှင်ရဲ့ ပွဲဦးထွက် ကောင်းမွန်မှုဟာ မင်းသား Reynolds အတွက် သေတမ်းစာ တခုဖြစ်တယ်လို့ Fox ရဲ့ ပြည်တွင်းဖြန့်ချိရေး ဥက္ကဋ္ဌကဆိုထားပါတယ်။
ဒါ့အပြင် ဝေဖန်သူတွေရဲ့ အကောင်းမြင်မှတ်ချက်တွေကိုလည်း ရရှိထားပါတယ်။ Rotten Tomatoes မှာဆိုရင် ၈၄ ရာခိုင်နှုန်း နဲ့ CinemaScore မှာဆိုရင် A အဆင့် သတ်မှတ် ပေးထားခံရပါတယ်။ ဥက္ကဋ္ဌ Aronson က “သူနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် လုံလောက်မှာတောင် မဟုတ်ပါဘူး၊ ဇာတ်ကောင်သာမက ပရိုမိုးရှင်းကိုပါ ပြောရမှာပါ၊ ဒီလိုမျိုး အဖွင့်လှတဲ့အတွက် ကောင်းမွန်တယ်လို့ ခံစားရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရုံဝင်ငွေစာရင်းမှာ သီတင်း ၃ ပတ်ကြာ နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့ Avengers: Infinity War ရုပ်ရှင်ကတော့ အခုသီတင်းပတ်မှာ ဒေါ်လာ ၂၉ သန်းရရှိခဲ့ပြီး ဒုတိယနေရာကို ဆင်းသွားခဲ့ပါတယ်။ မြောက်အမေရိက ပြည်တွင်းမှာတော့ ရုံဝင်ငွေ ဒေါ်လာ ၅၉၅ ဒသမ ၄ သန်းရရှိထားပြီး ဖြစ်ပါတယ်။ “Infinity War” ရုပ်ရှင်ရဲ့ အနောက်မှာတော့ Paramount Pictures ရဲ့ “Book Club” ရုပ်ရှင်က ဒေါ်လာ ၁၂ ဒသမ ၃ သန်းနဲ့ ရပ်တည်နေပါတယ်။
Global Road Entertainment ရဲ့ ဇာတ်ကားသစ် “Show Dogs” ကတော့ ဆဋ္ဌမ နေရာမှာ ရှိနေပါတယ်။ ရုံဝင်ငွေ အနေနဲ့ ဒေါ်လာ ၆ သန်း ရရှိထားပါတယ်။ နံပါတ် ၁ ကနေ ၅ အတွင်းမှာရှိနေတဲ့ ရုပ်ရှင်တွေထဲကနေ စူပါဟီးရိုး ရုပ်ရှင်တွေကို ဖယ်လိုက်မယ်ဆိုရင်တော့ Warner Bros ရဲ့ “Life of the Party” ရုပ်ရှင်က ရုံဝင်ငွေ ဒေါ်လာ ၇ ဒဿမ ၅ သန်းနဲ့ စတုတ္ထနေရာ၊ “Breaking In” ရုပ်ရှင်က ဒေါ်လာ ၆ ဒဿမ ၅ သန်းနဲ့ ပဉ္စမနေရာမှာ အသီးသီးရပ်တည် နေပါတယ်။
Ref:Reuters