လက်ရှိ ရုံတင်ပြသနေတဲ့ “ဥပါဒါန်” ရုပ်ရှင်ဇာတ်ကားကတော့ သိက္ခာ၊ သမာဓိ ပြည့်ဝတဲ့ သံဃာတော် တပါးအပေါ် သဒ္ဓါ လွန်ကဲမိတဲ့ ဒါယိကာမ တဦးအကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ ဘာသာရေးနဲ့ ပတ်သက်ရင် အစွဲမထားသင့်ဘူး ဆိုတဲ့ Message ကို အဓိက ပေးထားတာပါ။
နမူနာ ကြည့်တုန်းက ဒီရုပ်ရှင်ကားကို အရမ်းမျှော်လင့်ထားပေမယ့် တကယ်သွား ကြည့်တဲ့အခါ မျှော်လင့်ထားသလောက် ဇာတ်လမ်း ၊ ဇာတ်ကွက်တွေ မမြင်ခဲ့ရပါဘူး။ ဒါကလည်း ထိလွယ်ရှလွယ် ဘာသာရေးဇာတ်လမ်းမျိုး ဖြစ်နေတဲ့အတွက် ဆင်ဆာလွတ်အောင် ရိုက်ကူးထားရတာကြောင့်ဖြစ်မယ်လို့ ယူဆပါတယ် ။
“ဥပါဒါန်” ရုပ်ရှင်ကားကြီးက အများစု ဝေဖန်ကြနေတဲ့ မြန်မာပေါကားထဲမှာလည်း မပါဝင်ပြန်ပါဘူး။ သာမန် မြင်တွေ့နေကျ ဇာတ်လမ်း ၊ ဇာတ်အိမ်မျိုးတွေထဲက ကွဲထွက်နေပြီး မြင်တွေ့လေ့မရှိတဲ့ ရုပ်ရှင်ကားကြီးတကားဖြစ်ပါတယ်။ သို့ပေမယ့် ရုပ်ရှင်ကားကြီးတကား ဆိုတာထက် အရည်အသွေးပြည့်ဝတဲ့ ဗီဒီယိုကား အဆင့်မှာပဲ ရှိသင့်တယ်လို့ ဝေဖန်ချင်ပါတယ်။
ဘာသာရေးလိုက်စားတဲ့ ဗုဒ္ဓဘာသာဝင်တွေ အတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ကားတကားဖြစ်ပြီး ရိုက်ကွက် အယူအဆတွေ ကိုတော့ ထူးထူးခြားခြား မြင်တွေ့ရမှာ မဟုတ်ပါဘူး ။ ဇာတ်ကား တခန်းနဲ့တခန်း ဆက်ထားတာကလည်း အချိတ်အဆက် မိရုံလောက်သာ ဖြစ်ပြီး ဆွဲဆောင်မှုရှိအောင် ချိတ်ဆက် ထားနိုင်ခြင်း မရှိပါဘူး။
သရုပ်ဆောင်တွေဘက်ကို ပြောရရင် သံဃာတော်အဖြစ် သရုပ်ဆောင်ထားတဲ့ မျက်နှာသစ်မင်းသား ခိုင်ထူးသာက အပိုအလိုမရှိပဲ သရုပ်ဆောင်သွားနိုင်တာကိုတွေ့ရပါတယ်။ သိက္ခာ ၊ သမာဓိ ရှိတဲ့ သံဃာတော်တပါးအဖြစ် တည်တည်ကြည်ကြည် သရုပ်ဆောင်ထားပုံက တကယ့် သံဃာတော် တပါးအလား ထင်မှတ်ရပါတယ်။ ရုပ်ရှင်ကား တခုလုံးက ဒီမင်းသားသစ်က ဦးဆောင် သရုပ်ဆောင်သွားနိုင်တာပါ ။
အခြား ရုပ်ရှင်ကားတွေ မှာ မြင်တွေ့လေ့မရှိတဲ့ သံဃာတပါးရဲ့ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်သွားနိုင်တဲ့ မင်းသား ခိုင်ထူးသာကိုတော့မချီးကျူးလို့ မရပြန်ပါဘူး။ အခြားသရုပ်ဆောင်တွေကတော့ မြင်နေတွေ့နေကျ အမူအရာတွေ ထက်မပိုဘဲ သရုပ်ဆောင်ရုံပါ ။
ဇာတ်လမ်းအရ ထည့်သွင်းထားတဲ့ အထူးပြုလုပ်ချက်တွေ က ချီးကျူးရလောက်အောင် မပီပြင်သေးပါဘူး။ ဇာတ်လမ်းအရ မဖြစ်မနေ ထည့်သင့်တာကြောင့် ထည့်ထားတဲ့ သဘောပဲဖြစ်ပါတယ်။ ရုပ်ရှင်တခုလုံးမှာ အကြိုက်ဆုံးက ရုပ်ရှင် ရဲ့ Theme Song ဖြစ်တဲ့ “ဥပါဒါန်” ပါပဲ။ တကယ်လိုအပ်တဲ့ အခန်းတွေမှာပဲ ထည့်သုံးသွားတာ ဖြစ်ပါတယ်။
ရုပ်ရှင်ကားကြီး တခုလုံးကို ခြုံပြောရရင် ဘာသာရေးလိုက်စားသူတွေ ကြည့်သင့်တဲ့ ဇာတ်လမ်းတခုဖြစ်ပေမယ့် ရုပ်ရှင်ကားကြီး မဟုတ်ဘဲ သာမန် ဗီဒီယိုဇာတ်ကား အဖြစ်မှာပဲ ရှိသင့်ပါတယ်။
ဒီဇာတ်ကားမှာ အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်များကတော့ ခိုင်ထူးသာ၊ နန်းဆုဦးနဲ့ ခင်ဇာခြည်ကျော်တို့ ဖြစ်ပြီး အခြားအနုပညာရှင် အသစ်များနဲ့ ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ ဗန်းကြီးဖြစ်ပြီး မေ၁၈ ရက်နေ့က စတင်ပြီး ရုံတင်ပြသတယ်လို့လည်း သိရပါတယ်။