သရုပ်ဆောင်၊ အဆိုတော် မေကတော့ လက်ရှိခန္ဓာကိုယ် ပိန်သွားတာနဲ့ ပတ်သက်ပြီး အစာအိမ်ရောဂါ ခံစားနေရတာ ၉ လ လောက်ရှိနေပြီလို့ ဧရာဝတီကို ပြောပါတယ်။
“ပိန်သွားတာက မေ အစာအိမ်ဖြစ်နေတာပါ။ အစာအိမ်ဖြစ်နေတာ ၉လလောက်ရှိပြီ။ အစာအိမ်ရောဂါက ပြောရ ခက်တယ်။ အဓိကက မေ ဖြစ်တဲ့ အစာအိမ်ရောဂါက အစာမကြေတဲ့ရောဂါပေါ့။ ကိုယ်ကြိုက်ခဲ့တဲ့ အပူတွေ အစပ်တွေ လုံးဝစားလို့မရတော့ဘူး။ ဆန်ပြုတ်တို့ ကြေးအိုးတို့က နေ့တိုင်းစားနေရတာမျိုးဖြစ်နေတော့ ဝိတ်က အရမ်း ကျသွားတယ်။ ဝိတ်ကျတာကိုမကြည့်နိုင်တော့ဘူး။ အဓိကက ကိုယ်စားချင်တာစားပြီးရင် ပြန်ခံစားရတာကို မခံစားချင်တော့ အစားရှောင်ဖြစ်သွားတာပါ” လို့ မေက ဆိုပါတယ်။
နေမကောင်းဖြစ်တာ ၉လလောက်ရှိသွားပြီဖြစ်တဲ့အတွက် အစားအသောက်ကို ဆင်ခြင်ပြီး စိတ်ဖိစီးမှုနည်းအောင် ဘုရား တရားကို ပိုလုပ်ဖြစ်တယ်လို့ ပြောပါတယ်။ အရင်က ဝိတ် ၁၀၈ပေါင်ရှိပြီး ယခုအခါ ၁၀၂ပေါင်သာ ရှိတော့တယ်လို့လည်း ဆိုပါတယ်။
ဆက်လက်ပြီး အဆိုတော် မေ က “နေမကောင်းတာ ၉လဆက်တိုက်ဖြစ်သွားတော့ ဘေးကလူတွေလည်း တော်တော် နားညည်းနေပြီ။ နည်းနည်းလေး ဖြစ်ရင်တောင် ညည်းတတ်တဲ့လူဆိုတော့ ကိုယ်ခံစားနေရတဲ့အချိန်မှာ အိမ်က မိသားစု တွေပေါ့ အရမ်းအလုပ်ရှုပ်ရ တယ်။ နောက်ပိုင်းမှာတော့ ဘာသာရေးပဲလုပ်ဖြစ်တော့တယ်။ စိတ်လေးငြိမ်အောင်လို့ ကိုယ့်ရောဂါကလည်း စိတ်ဖိစီးလို့မရတော့ ဘာသာရေးပဲပိုလုပ်ဖြစ်တယ်” လို့ ဆိုပါတယ်။
အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့မှန်မှန် လုပ်နေတဲ့အတွက် ပရိသတ်နဲ့ အဆက်အသွယ်ပြတ်မှာကို မစိုးရိမ်ဘူး လားလို့ မေးကြည့်တဲ့ အခါမှာတော့ “အနုပညာလှုပ်ရှားမှုနည်းတော့ ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်သွားမှာ ကိုတော့ မစိုးရိမ်ဘူး။ ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေက ကိုယ့်အကောင့်ကို Follow ထားတယ်။ အဓိကက ကိုယ့်ဓာတ်ပုံလေးတွေ မတင်တာမြင်ရင် တင်စေချင်တယ်။ ပရိသတ်နဲ့ အဆက်အသွယ် ပြတ်မှာစိုးပြီး ရရာ ဇာတ်ရိုက်မှာတော့ မဟုတ်ဘူးပေါ့” လို့ မေက ပြောပါတယ်။
လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ အလှဓာတ်ပုံများ ရိုက်ပေးဖြစ်နေပြီး ဒုတိယအခွေအတွက်လည်း သီချင်းတွေ စုနေတယ်လို့ သိရပါတယ်။ အဆိုတော် မေကတော့ မော်ဒယ် သရုပ်ဆောင် အလုပ်တွေအပြင် တေးသီချင်း သီဆိုမှုအပိုင်းမှာလည်း “Marry Me” ဆိုတဲ့ တကိုယ်တော်သီချင်းခွေ ထွက်ရှိထားပါတယ်။