Entertainment

2018 Billboard Music Awards ဆုပေးပွဲမှာ ထိပ်တန်းအမျိုးသမီး အနုပညာရှင်ဆု ရရှိခဲ့တဲ့ Taylor Swift

နာမည်ကျော်အဆိုတော် Taylor Swift ကတော့ ပြီးခဲ့တဲ့ မေ ၂၀ ရက် ညပိုင်း၊ အမေရိကန်နိုင်ငံ၊ Las Vegas မြို့မှာ   ကျင်းပခဲ့တဲ့ 2018 Billboard Music Awards ဆုပေးပွဲမှာ ဆုကြီးတခုကို ရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုလိုမျိုး ထိပ်တန်းအမျိုးသမီး အနုပညာရှင်ဆုကို သူပိုင်ဆိုင်ရရှိခဲ့ပေမယ့်  တခြားလုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေကိုလည်း ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။

သူငယ်ချင်းတွေ ဖြစ်တဲ့ Charli XCX နဲ့ Camila Cabello တို့နဲ့အတူ Reputation နယ်လှည့်ဖျော်ဖြေပွဲကို ပြုလုပ်နေတဲ့ Swift ဟာ ဂီတလောကမှာ ကျင်လည်နေတဲ့ မိန်းကလေးတွေအားလုံးရဲ့ ချန်ပီယံ ဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဆုရရှိချိန်မှာတော့ Taylor Swift က “ကျမတို့ ဒီလိုမျိုး ဆုရဖို့ လုပ်နိုင်တာတွေကို လုပ်ခွင့်ရအောင် လမ်းဖောက်ပေးခဲ့တဲ့ အမျိုးသမီး အနုပညာရှင်တွေ အားလုံးကို ကျေးဇူးတင်ချင်ပါတယ်၊ ဒီညမှာ အရမ်းလှပနေကြတဲ့ အမျိုးသမီး မျက်နှာသစ် အနုပညာရှင် အားလုံးကိုလည်း ကျမတို့က လေးစားပါတယ်၊ ပြီးတော့ ဂစ်တာတလက်ကို ကောက်လိုက်တဲ့ ဒါမှမဟုတ် စန္ဒယားတီးနည်း သင်ယူခဲ့တဲ့ အနာဂတ်အမျိုးသမီး အနုပညာရှင်တွေကိုလည်း အားပေးပါတယ်၊ ပြီးတော့ ကျမတို့ ဖန်တီးတဲ့ ဂီတကို ဂရုစိုက်ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်” လို့ ပြောပါတယ်။

အခုလိုမျိုး Billboard ဂီတဆုပေးပွဲမှာ Taylor Swift တက်ရောက်လာတာဟာ Pasadena မှာရှိတဲ့ Rose Bowl မှာ နှစ်ည ဆက်တိုက် ဖျော်ဖြေပွဲ ပြုလုပ်အပြီးမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာဆိုရင် အဆိုတော်တွေဖြစ်ကြတဲ့ Shawn Mendes, Selena Gomez နဲ့ Troye Sivan တို့လည်း သူနဲ့အတူ အံ့သြဖွယ် ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။

သူ့ရဲ့ Reputation နယ်လှည့်  ဖျော်ဖြေပွဲကို မေ ၈ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလအထိ ဆက်တိုက် ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အခုဆုပေးပွဲမှာ Top Social Artist Award ဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့တဲ့ Kpop အမျိုးသား အဆိုတော်အဖွဲ့ BTS နဲ့အတူ အတူတွဲရိုက်ထားတဲ့ Swift ရဲ့ ဓါတ်ပုံကြောင့်လည်း အခုဆိုရင်လူမှုကွန်ရက် မီဒီယာပေါ်မှာ လူပြောများလျက် ရှိနေပါတယ်။

Ref: Billboard

Loading