သရုပ်ဆောင် ပြည့်ဖူးခိုင်က “လှည့်စား” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ကိုသားကြီး (ဒွေး)၊ ကိုကျော်ရဲအောင်တို့နဲ့ ရုပ်ရှင်စတင် ရိုက်ကူးရာမှ ပရိသတ်အားပေးမှုကို ရရှိလာသူ တဦးပါ။ ဒါပေမယ့် နောက်ပိုင်းမှာ အနုပညာအလုပ်များနဲ့ ဝေးကွာ သွားခဲ့တာ အချိန် ၈ နှစ်နီးပါး ရှိပြီဖြစ်ပါတယ်။
ပရိသတ်ရှေ့ကနေ ပျောက်နေတဲ့ ပြည့်ဖူးခိုင်ကို ၈ နှစ်အချိန်အတွင်း ဘာတွေလုပ်ဖြစ်နေသလဲ ဆိုတာ သိနိုင်ဖို့ အတွက် ဧရာဝတီက ပြည့်ဖူးခိုင်နဲ့ တွေ့ဆုံစဉ် မေးမြန်းထားတဲ့အခါ အခုလို ဖြေဆိုပါတယ်။
“အနုပညာလောက်နဲ့ ညီမ ၈ နှစ်လောက် ဝေးကွာခဲ့ချိန် ဘာတွေလုပ်ကိုင်ခဲ့လဲ ဆိုတော့ ပညာရေးဖြစ်တဲ့ ရှေ့နေ အလုပ်ကိုပဲ သင်ကြားဖြစ်တယ် ။ စီပွားရေးတွေ ဘာတွေတော့ မလုပ်ဖြစ်ပါဘူး ။ အနုပညာအလုပ်တွေ လုပ်ကိုင်မှု နည်းပါး သွားတာက ညီမကိုယ်တိုင် မလုပ်ဖြစ်တော့တာပါ ။ အခုချိန် ညီမကားတွေ ပြန်လာတဲ့အခါ ညီမကို ပြန်တွေ့ချင်တယ်လို့ ပရိသတ်တွေ ပြောတဲ့အခါ ကိုယ့်ကိုယ်လည်း အပြစ်ရှိသလို ခံစားရတယ်။ စိတ်မကောင်းလည်း တကယ်ဖြစ်မိပါတယ်” လို့ ဆိုပါတယ်။
အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ဖြစ်မလား ဆိုတာကိုတော့ “အနုပညာပြန်လုပ်ဖို့က ကိုယ်နဲ့ အဆင်ပြေတဲ့ ဇာတ်လမ်းတွေ ရှိရင်တော့ ပြန်ရိုက်ချင်ပါတယ်။ လတ်လောမှာတော့ ကိုယ်အလေးချိန် အရမ်းမြင့်တက်သွားတဲ့အတွက် ဝိတ်အရင် ချနေတယ်။ အနုပညာအလုပ်တွေပြန်လုပ်ဖို့ ဝိတ်ချနေတယ်လို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အကုန်လုံးက လှလှပပလေးပဲ ကြည့်ချင် ကြတာလေ။ ဝိတ်တွေတက်နေတော့ ကြည့်ရတာလည်း အဆင်မပြေ ကိုယ်တိုင်လည်း ယုံကြည်မှုတွေ မရှိဘူးပေါ့ ။ ဒါကြောင့် လှလှပပလေးနဲ့ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်လေးဖြစ်အောင်တော့ အရင်လုပ်နေပါတယ်” လို့ဆိုပါတယ်။
ပြည့်ဖူးခိုင်က သူနဲ့ လိုက်ဖက်မှုရှိတဲ့ ဇာတ်လမ်းမျိုးဆိုရင် ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင့် လက်ရှိ အနုပညာလောက အမြင်နဲ့ပတ်သတ်ပြီးတော့လည်း ပြည့်ဖူးခိုင်က “အခုခေတ်က နာမည်ကြီးရတာ ပိုလွယ်တယ်။ ဖေ့စ်ဘုတ်မှာ ဖေ့စ်ဘုတ်ဆယ်လီ ဆိုပြီးတော့လည်း နာမည်ကြီးလာတယ်။ နာမည်ကြီးချင်တာ ပုံစံမျိုးစုံနဲ့ နာမည်ကြီး လို့ရတယ်။ နာမည်ကြီးဖို့ကလွယ်တယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ဒါပေမယ့် ပရိသတ်ကကိုယ့်ရဲ့စစ်မှန်တဲ့ အရည်ချင်းကို တကယ်ချစ်ပြီးတော့ အနုပညာလုပ်ရပ်တခုုကြောင့် ပရိသတ်တွေ ကြိုက်သွားတယ်ဆိုတာမျိုးက နာမည်ကြီးရတာ ပိုပြီးတော့ ကြာရှည်ခံတာပေါ့။ ညီမ အရမ်းသိ အရမ်းတတ်လို့ ပြောတာ မဟုတ်ပါဘူး ။ ညီမရဲ့ စိတ်နေသဘောထားကို ပြောပြရုံ သတ်သတ်ပါ” လို့ ဖြေကြားခဲ့ပါတယ်။