ယခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်လာတာ တွေ့ရတဲ့ သရုပ်ဆောင် အောင်ရဲလင်းဟာ ဒါရိုက်တာ ခင်စောမျိုး ရိုက်ကူးတဲ့ “မတစ်ထောင် တစ်ကောင်ဘွား ” ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကားနဲ့ ပတ်သတ်ပြီး ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အောင်ရဲလင်းရဲ့ အဝတ်အစားပိုင်း၊ ပြင်ဆင်မှုတွေက လိုအပ်ချက်တွေ ရှိနေတယ်လို့ ဝေဖန်သံတွေ ရှိနေပါတယ်။
ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အောင်ရဲလင်းက “ဒီဇာတ်ကားမှာ ကျနော်က သူဌေး၊ စီးပွားရေး လုပ်တယ် ၊ပညာတတ် စကားပြောတဲ့ ပုံစံကအစ ပညာတတ် ဖြစ်ရမယ်။ ပတ်ဝန်းကျင် အားလုံးနဲ့လည်း အဆန့်တဝင် ရှိရမယ်။ ကျနော် ဒီကားထဲမှာ အိုက်တင်ကို အငြိမ်ထားတယ်။ မျက်လုံးနဲ့ပဲ လေ့ကျင့်ပြီး သရုပ်ဆောင်ထားပါတယ်။ ကျနော် အစွမ်း ရှိသလောက်တော့ ကြိုးစားထားပါတယ်။ စိုးရိမ်စိတ်ကိုအများကြီး မထားထားဘူး။ ကျနော် အများကြီးပြင်ဆင်ထားတယ်” လို့ ဆိုပါတယ်။
ဆက်လက်ပြီး အောင်ရဲလင်းက “ကျနော်အများကြီး ပြင်ဆင်ပြီး ကြိုးစားထားတယ်။ ကာရိုက်တာကလည်း ၂ မျိုး ဖြစ်တဲ့အတွက် ၂ မျိုးလုံးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ အားမရ လိုက်တခုပဲ ရှိတယ်။ အဲ့တာ ကျနော့်ဂုတ်က တက်တူး နည်းနည်းပေါ်နေတယ်။ အဲ့တာကိုတော့ ကျနော်အားမရလိုက်ဘူး ။ ကျနော်မော်နီတာမှာ ကြည့်တုန်းကလည်း မသိသာဘူးလို့ ထင်ထားတာ။ ဒါပေမယ့်ရုပ်ရှင်ကားကြီးမှာဖြစ်တဲ့အတွက် ပိုပြီးတော့ သိသာသွားတယ်” လို့ပြောပါတယ်။
“ ကျနော် တိုက်ပုံဆိုရင်လည်း မြန်မာတိုက်ပုံ ရင်ဖုံး၊ ပုဆိုးဆိုလည်း ချိတ်လိုပုဆိုး အဲ့ခေတ်က ပုံစံမျိုးလေးကို ကျနော် သေချာရှာပြီး စီစဉ်ထားပါတယ်” လို့ အောင်ရဲလင်းက အဝတ်အစား စီစဉ်မှုအပိုင်းကို ပြောပါတယ်။
ဒီဇာတ်ကားမှာ ပရိသတ်ဝေဖန်နေတဲ့ မျက်နှာဖုံးနဲ့ ပတ်သတ်ပြီးလည်း အောင်ရဲလင်းက “ဒီဘက် လူသတ်သမားပုံစံက ဝတ္ထုထဲမှာက မျက်လုံးကို စည်းထားတဲ့ပုံစံပေါ့။ ကျနော်တို့ ရိုက်ကွင်းပေါ်မှာ လုပ်ကြည့်ဖူးပါတယ်။ တော်တော် အဆင်မပြေဘူး ဖြစ်နေတယ်။ ဒီဘက်ခေတ်နဲ့ ကြည့်တော့ နောက်နေသလိုမျိုး ဖြစ်နေတယ်။ ဒါကြောင့် မျက်နှာဖုံးကို ရွေးချယ်ဖြစ်တယ်။ ကြည့်လိုက်တာနဲ့ ဒီမျက်နှာဖုံးသည် လူသတ်တဲ့ မျက်နှာဖုံး ။ လူသတ်သမားပုံစံ ဆိုတာကို ပိုပေါ်လွင် စေတယ်၊ ဒီအတွက် ဒီမျက်နှာဖုံးကို အဓိကထားရွေးချယ်ဖြစ်သွားတာပါ ။ ပရိသတ်တွေအနေနဲ့ မြင်နေကျ ပုံစံမျိုး မဟုတ်ဘဲ နည်းနည်း ကွဲထွက်သွားတဲ့ကားကို တွေ့ရမှာပါ” လို့ ဆိုပါတယ်။
“မတစ်ထောင် တစ်ကောင်ဘွား” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် အောင်ရဲလင်း ၊ ကျော်ရဲအောင် နဲ့ ခိုင်သင်းကြည် တို့ပါဝင် သရုပ်ဆောင်ထားပြီး အဲဒီဇာတ်ကားကတော့ ဆရာကြီး မင်းသိင်္ခရဲ့ နာမည်ကြီးဝတ္ထုတပုဒ်ဖြစ်ကာ ဒီဇာတ်ကားကို ဒါရိုက်တာ ခင်စောမျိုးက ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို မေလ ၂၅ ရက်နေ့မှ စတင်ကာ တနိုင်ငံလုံးမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။