နယ်ပရိသတ် အကြိုက်တွေ့စေမယ့် ဗီဒီယို ဇာတ်ကားတွေမှာ သရုပ်ဆောင်များတဲ့ သရုပ်ဆောင် နေမျိုးအောင်က တဘက်တထည် ရှိရင် သူအနေနဲ့ ဇာတ်ကားတကား ရိုက်ကူးနိုင်တယ်လို့ ဧရာဝတီကို ဆိုလိုက်ပါတယ်။
သရုပ်ဆောင် နေမျိုးအောင်က “ကျနော် ဒီရုပ်ကြီးက ဒီတိုင်းပါပဲ။ ကားရိုက်ရင်တော့ တဘက်တထည်နဲ့ ကားတကား ရိုက်လို့ရတယ်။ ဘာမှ မလိမ်းဘူး။ ချွေးထွက်လာရင် သုတ်ဖို့ တဘက်ရှိရင် ပြီးတယ်။ ဒါပေမယ့် ပြောလို့တော့ မရဘူး။ နည်းနည်း အချိန်တန်လာတဲ့ အခါတော့ နုပျိုဆေးဆိုတော့ လိုအပ်တာပေါ့လေ။ ဟိုးရှေးဘုရင် လက်ထက်ကတည်းက နုပျိုဆေးဆိုတာ ရှိသေးတာပဲ။ နုပျိုအောင်တော့ ကိုယ့်ကိုယ်ကို ဖန်တီးယူရမယ်ပေါ့” လို့ ဆိုပါတယ်။
သရုပ်ဆောင် နေမျိုးအောင်က အသက်အရွယ်အရ မျက်နှာပိုင်းနဲ့ ပတ်သတ်ပြီး ပြုပြင်ဖြစ်မလားဆိုတာနဲ့ ပတ်သတ်ပြီး ဧရာဝတီကို အခုလိုပြောပြပါတယ်။
“မျက်နှာနဲ့ပတ်သတ်ပြီး လုပ်ဖို့အစီအစဉ်ကတော့ ပြောလို့မရသေးပါဘူး။ Yes or No ဆိုတာတော့ ပြောလို့မရသေးဘူးပေါ့။ အစ်ကိုကတော့ ဒီအတိုင်းပဲ အနုပညာလမ်းကြောင်းကို ဆက်လျှောက်နေဦးမှာပါပဲ။ သေချာတာက နေမျိုးအောင် တဘက် တထည်ရှိရင် ကားတကား ရိုက်လို့ရတယ်။ မိတ်ကပ်တွေ မလိုဘူး။ အဓိကက အိုက်တင်ပဲ လိုတယ်” လို့ နေမျိုးအောင်က ဆိုပါတယ်။
နေမျိုးအောင်က လက်ရှိမှာတော့ “25%” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ သားညီနဲ့ ရိုက်ကူးနေပြီး တခြားဗီဒီယို ဇာတ်ကားများကိုလည်း လက်ခံရိုက်ကူးလျက် ရှိပါတယ်။ သရုပ်ဆောင် နေမျိုးအောင်က ကိုယ်ပိုင် စီးပွားရေးအဖြစ် ပုပ္ပါးမှာ “နေမင်းသားဟိုတယ်” ဖွင့်လှစ်ထားပြီး နဂါးမောက်သီး စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။