“ရောသမမွှေ” သီချင်းနဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော်သားစိုးကတော့ လက်ရှိအချိန်မှာ အနုပညာ အလုပ်ထက် စီးပွားရေးကို ပိုလုပ်ဖြစ်နေပြီး မကြာခင်အချိန်မှာတော့ “ရောသမနှပ်” လို့ အမည်ပေးထားတဲ့ ရှုးရှဲ လက်ဖက်ကို ရောင်းချသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
“၇ လပိုင်းကျရင် ရောသမနှပ် ဆိုတဲ့ လက်ဖက်ထွက်မှာပါ။ FDA လည်း ကျပြီးသွားပြီ။ ရောသမနှပ် ကြော်ငြာကို မင်းသမီး ဖွေးဖွေးနဲ့ ရိုက်ထားပါတယ်။ ရောသမနှပ်ဆိုတဲ့ ရှုးရှဲလက်ဖက် တမျိုးတည်း ထွက်မှာပါ” လို့ သားစိုးက ပြောပါတယ်။ အဆိုတော် သားစိုးက လတ်တလောမှာတော့ ရုပ်ရှင်နောက်ခံတေးသီချင်းများကို ဖန်တီးလျက်ရှိပြီး ဒါရိုက်တာ ကိုပေါက် ရိုက်ကူးပြီး မြင့်မြတ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဂျင်းကောင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးကိုလည်း ဖန်တီးပေးနေတယ်လို့ သိရပါတယ်။
“လောလောဆယ်ကတော့ စီးပွားရေးပဲ လုပ်ဖြစ်နေတယ်။ သီချင်းတွေ တီးဖြစ်တယ်။ မြင့်မြတ်ရဲ့ ဂျင်းကောင် ရုပ်ရှင် ကားကြီး အတွက် သီချင်းတီးနေတယ်။ ဂျင်းကောင်ရဲ့ စကားလုံးတွေနဲ့ ဖန်တီးနေပါတယ်။ ရုပ်ရှင် နောက်ခံသီချင်းတွေ လုပ်ဖြစ်တယ်။ အခွေအနေနဲ့တော့ သိပ်မလုပ်နိုင်သေးပါဘူး။ ဒါရိုက်တာကိုပေါက်က ကျနော့်ကို ပြောတာတော့ သူက ရေခဲရေ သီချင်းကို ကြိုက်တယ်လို့ပြောတယ်။ ဂျင်းကောင်မှာလည်း ဂျင်းကောင်ရဲ့ စကားလုံးလေးတွေနဲ့ သီချင်းလုပ်ပါ ဆိုတော့ စတင်ပြီး ဖန်တီးနေပါပြီ” လို့ သားစိုးက ပြောပါတယ်။
တကိုယ်တော်အခွေနဲ့ ပတ်သက်ပြီးတော့လည်း သူရေးသားထားတဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းများကို ပြန်လည် ထုတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ “ရုပ်ရှင်သီချင်းတွေပဲ များနေတော့ ရုပ်ရှင်သီချင်းပဲ အခွေထုတ်ဖို့ရှိပါတယ်။ ဇာတ်ဝင်သီချင်းတွေ စုလိုက်ရင် ၁၅ပုဒ်နဲ့ အပုဒ် ၂၀ကြားရှိတယ်။ အဲဒါတွေစုပြီးတော့ ထုတ်ဖို့စိတ်ကူးရှိပါတယ်။ နှစ်ကုန်လောက်ကျရင် အမှတ်တရအဖြစ် ထုတ်သွားမှာပါ” လို့ သားစိုးက ပြောပါတယ်။
အဆိုတော်သားစိုးက “ရောသမမွှေ” ဆိုတဲ့ အခွေမှစတင်ကာ ဂီတလောကထဲ ရောက်ရှိလာခဲ့ပြီး ယခုအချိန်မှာ ဂီတသက်တမ်း ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ဂီတကိုသေသည်အထိ မစွန့်လွှတ်ဘဲ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
“ရောသမမွှေကနေ စလိုက်တာ ၁၀နှစ်ကျော်လာပြီ။ အခုဆိုရင် ၁၀နှစ်ကျော်လာတဲ့ခရီးမှာ ပင်ပန်းနွမ်းနယ်တဲ့အတွက် တချို့အရာတွေကို အနားယူပြီးတော့ စီးပွားရေးဘက်လှည့်ဖြစ်တယ်။ ဂီတကိုတော့ သေတဲ့အထိစွန့်လွှတ်မှာ မဟုတ်ပါဘူး။ နှစ်တိုင်းထွက်နိုင်အောင် ကြိုးစားသွားမှာပါ” လို့သားစိုးက ပြောပါတယ်။