အဆိုတော် ဖြူဖြူကျော်သိန်းက ကိုရီးယားနိုင်ငံ RAU Entertainment က စီစဉ်တင်ဆက်တဲ့ Culture Exchange Activation In Korea -Myanmar Rock Concert & EDM ဖျော်ဖြေပွဲမှာ ပါဝင်တင်ဆက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပွဲနဲ့ ပတ်သတ်လို့ ဖြူဖြူကျော်သိန်းက “Rock Concert & EDM ကို မနှစ်ကတည်းက ပြင်ဆင်နေခဲ့တာပါ။
ပထမအကြိမ်ပြင်ဆင်မှုမှာ ဇော်ဝင်းထွဋ်၊ ကျားပေါက်(Big Bag)၊ ဖြူဖြူကျော်သိန်းတို့နဲ့ ကြော်ငြာခဲ့တဲ့ပွဲပါ။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ဘက်က အဆိုတော်များ အပြောင်းအလဲ ဖြစ်သွားပေမယ့် ဖြူဖြူကျော်သိန်းကတော့ အပြောင်းအလဲ မရှိ ပါဝင်သီဆိုမှာပါ”လို့ ဧရာဝတီကို ဆိုပါတယ်။
“ပထမတုန်းကတော့ RAU Entertainmentနဲ့ တိုက်ရိုက်မဟုတ်ဘဲနဲ့ ကြားခံနဲ့ပဲပြောတာဆိုတော့။ အကြောင်းကြောင်း ကြောင့် ရက်ကလေးတွေ ရွှေ့သွားတယ်။ပြီးခဲ့တဲ့အပတ်ကတော့ RAUက ဖြူဖြူ့ကို တိုက်ရိုက် ဆက်သွယ်လာတယ်။ ပြန်ပြီး ကမ်းလှမ်းလာလို့ လက်ခံလိုက်တာပါ “လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။
ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ဖျော်ဖြေပွဲလည်း ဖြစ်တဲ့အတွက် ဒီပွဲမှာ ဖြူဖြူကျော်သိန်းက ချစ်ကြည်ရေးပွဲပုံစံ ၊ နှစ်နိုင်ငံဖက်စပ် ဖျော်ဖြေမှာဖြစ်ပြီး ကိုယ်ပိုင်သံစဉ် ရောခ့်သီချင်းတွေကြီးပဲ သီဆိုဖို့ ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။
ပွဲမှာ စီစဉ်တင်ဆက်မှုအပိုင်းနဲ့ ပတ်သတ်ပြီးလည်း “ရောခ့်သီချင်း၊ ရောခ့်ဖက်ရှင်တွေနဲ့ပဲ တင်ဆက်သွားမှာပါ။ သူတို့ဆီက နာမည်ကျော် အနုပညာရှင်တွေလည်း လာရောက် ဖျော်ဖြေမယ်ဆိုတော့ ဒီလိုပွဲမျိုးမှာ ကိုယ့်နိုင်ငံက ကိုယ်စားပြု တယောက် အနေနဲ့ ပါဝင်ခွင့်ရပါတာ ဂုဏ်ယူပါတယ်” လို့လည်း ဆိုပါတယ်။ အဆိုတော် ဖြူဖြူကျော်သိန်းက ဒီပွဲမှာ ကိုယ်ပိုင်သံစဉ် သီချင်း ၅ ပုဒ်နဲ့ ပါဝင်သီဆို ဖျော်ဖြေမယ်လို့လည်း သိရပါတယ်။
ကိုရီးယား အနုပညာရှင်နဲ့ ဖက်ရှင်များက နိုင်ငံတကာမှာလွှမ်းမိုးနေပြီး ကိုရီးယားအနုပညာရှင်များနဲ့အတူ မြန်မာပြည်မှာ အတူဆိုရမယ့် ခံစားချက်နဲ့ ပတ်သတ်ပြီးတော့ “ဖြူဖြူ သတိထား မိသလောက်တော့ Korea wave က K Pop Music ကို ဒီမှာ ပိုစိတ်ဝင်စားတယ်။ K Rock ဘယ်လိုနေမယ် ဆိုတာတော့ ဖြူဖြူမသိဘူး။ ဖြူဖြူလေ့လာမှု အားနည်းလို့လည်း ပါချင်ပါမှာပါလေ။ အခုတော့ ပထမဆုံး K Rock အဖွဲ့နဲ့ စတွေ့ရမှာဆိုတော့ စိတ်လှုပ်ရှားပါတယ်”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
Culture Exchange Activation In Korea -Myanmar, “Rock Concert &,EDM ဖျော်ဖြေပွဲကို ဇွန်လ ၂ ရက်နေ့ ၊ ညနေ ၆ နာရီအချိန်၊သုဝဏ္ဏ အားကစားရုံအမှတ် ၁ မှာကျင်းပမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းကို ကျပ် ၁၀၀၀၀ နဲ့ ကျပ် ၂၀၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။