အသက် ၅၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော် တရုတ်အက်ရှင် မင်းသားဂျက်လီရဲ့ယခုပုံဟာ တရုတ်ပြည်ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့နေတာပဲဖြစ်ပါတယ်။
ပုံထဲမှာ ပရိသတ်တယောက်က တိဘက်မှာရှိတဲ့ ဘုရားကျောင်း တခုကို သွားလည်ရင်း ဂျက်လီကို ကူညီပေးနေတဲ့ပုံပါ။ Weibo (တရုတ်လူမှုကွန်ရက် ဝဘ်ဆိုက်) မှာတော့ တရုတ်ပရိသတ်တွေက သူတို့ရဲ့အချစ်တော် မင်းသားဂျက်လီကို ကျန်းမာရေး ပြန်ကောင်းလာဖို့ ဆုတောင်းအားပေးစကားတွေ ပျံ့နှံ့လို့ နေပါတယ်။
သို့သော်လည်း အဆိုပါ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဂျက်လီဘက်ကတော့ ဘာမှတုံ့ပြန်ထားခြင်း မရှိသေးပါဘူး။ ၂၀၁၀ ခုနှစ်တုန်းက ဂျက်လီဟာ Hyperthyroidism ကြောင့် ဝိတ်အတက်အကျ မငြိမ်တာ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ဆရာဝန်ကတော့ ကြွက်သားအားနည်းခြင်းနဲ့ အိပ်စက်ခြင်းဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်တဲ့ အတွက် လေ့ကျင့်ခန်း အလွန်အကျွံ မလုပ်ဖို့ အကြံပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဂျက်လီက သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်မပူဖို့ ပြောခဲ့ပါတယ်။
မေလ ၁၉ ရက်နေ့၊ တရုတ် မနက်ခင်း သတင်းအစီအစဉ်မှာ ဂျက်လီဟာ လွန်ခဲ့တဲ့နှစ်တည်းက သိုင်းရွိုက် ပြဿနာကြောင့် ဆေးကုသမှု ခံယူနေခဲ့ရပြီး အခုတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်စ ပြုလာပြီလို့ ဖော်ပြထားပါတယ်။
မကြာသေးခင်ကဘဲ ဂျက်လီဟာ “Gong Shou Dao” (သို့မဟုတ်) “The Art of Attack and Defence” ဆိုတဲ့ မိနစ်၂၀ စာ ရုပ်ရှင်အတိုမှာလည်း Alibaba ပိုင်ရှင် ဂျက်မားနဲ့အတူ ပါဝင်ခဲ့ပါတယ်။ အဆိုပါ ဇာတ်ကားမှာ Donnie Yen, Wu Jing နဲ့ ထိုင်းက Tony Jaa တို့လည်း ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။
“The Art of Attack and Defence” ဗီဒီယိုဖိုင်
လွန်ခဲ့တဲ့လက ဂျက်လီကို Disney ရဲ့ Mulan Version အသစ် ပြန်လည်ရိုက်ကူးတဲ့ ဇာတ်ကားမှာ တရုတ်ပြည်ရဲ့ ဘုရင်နေရာက သရုပ်ဆောင်ဖို့အတွက် သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် နာမည်ကြီးစတား Gong Li နဲ့အတူ တွေ့ရပါသေးတယ်။