ပူပူနွေးနွေး မင်္ဂလာဇနီးမောင်နှံ နှစ်ဦးဖြစ်တဲ့ မင်းသား ဟယ်ရီနဲ့ မင်းသမီး Meghan Markle တို့ဟာ ဝင်ဆာရဲတိုက်မှာ လက်ထပ်ခဲ့ပြီး နှစ်ရက်အကြာ တရားဝင်လက်ထပ်ပွဲ ဓာတ်ပုံ ၃ ပုံကို ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှုုာ လက်ထပ်ခဲ့ပြီးတဲ့နောက်မှာ မင်္ဂလာပွဲနေ့မှာ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံ တချို့ကို အခုလိုမျိုး ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီ ဓာတ်ပုံတွေကို ရထားနဲ့ စီတန်းလှည့်လည်မှု ပြီးတဲ့နောက် ဝင်ဆာနန်းတော်မှာ ဓာတ်ပုံပညာရှင် Alexi Lubomirski က ရိုက်ကူးပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံတခုမှာ ဆိုရင်တော့ Sussex မြို့စားနဲ့ မြို့စားကတော်တို့ဟာ သူတို့ရဲ့ မင်္ဂလာပွဲမှာ ပန်းစည်းကိုင်ပေးခဲ့ကြတဲ့ အမျိုးသမီးလေးတွေနဲ့ အမျိုးသားလေးတွေရဲ့ ချစ်စဖွယ် ပုံရိပ်ကို မြင်တွေ့ရပါတယ်။
တခြားဓာတ်ပုံ တခုမှာဆိုရင် မင်းသား Charles, Camilla, Doria Ragland, မင်းသားဖီးလစ်၊ မင်းသားဝီလီယံ၊ Kate Middleton တို့နဲ့ အဲလိဇဘက်ဘုရင်မကြီးနဲ့ပါ ရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။ ရဲတိုက်ရဲ့ East Terrace မှာ ရိုက်ကူးထားတဲ့ ကြင်စဦးဇနီးမောင်နှံရဲ့ အဖြူ၊ အမည်း ဓာတ်ပုံ တပုံလည်း ပါဝင်ပါတယ်။
သတင်းထုတ်ပြန်ချက် တခုမှာ နန်းတော်ပြောခွင့်ရပုဂ္ဂိုလ်က “Sussex မြို့စားနဲ့ မြို့စားကတော်တို့ဟာ မေလ ၁၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ သူတို့ရဲ့ မင်္ဂလာပွဲကျင်းပမှုမှာ ပါဝင်ခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်လိုပါတယ်။ ဝင်ဆာရဲတိုက်မှာ အခုလိုမျိုး စုဝေးခဲ့ကြသူတွေ အားလုံးနဲ့ ယူကေ၊ ဓနသဟာယနိုင်ငံနဲ့ ကမ္ဘာတဝန်းမှာ ရုပ်သံကနေ လက်ထပ်ပွဲကို ကြည့်ရှုခဲ့ကြ သူတွေကို သူတို့ရဲ့ မင်္ဂလာနေ့ကို ဝေမျှခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ ခံစားနေပါတယ်။ မင်းသားနဲ့ မင်းသမီးတိုဟာ Alexi Lubomirski ရိုက်ကူးပေးထားတဲ့ ဓာတ်ပုံတွေကို ဂုဏ်ယူစွာနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ပြီးတော့ ဒီနေ့မှာလည်း ပျော်ရွှင်စွာ ဝေမျှလိုက်ပါတယ်။ သူတို့ရရှိခဲ့တဲ့ ထောက်ခံမှု သတင်းစကားတွေအတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံပညာရှင် Lubomirski က “ပြီးခဲ့တဲ့ စနေနေ့မှာ တရားဝင်လက်ထပ်ပွဲ၊ မိသားစုပုံတူ ဓာတ်ပုံတွေ၊ စေ့စပ်ပွဲ ဓာတ်ပုံ တွေကနေ Sussex မြို့စားနဲ့ မြို့စားကတော်ရဲ့ အချစ်၊ မျှော်လင့်ချက်နဲ့မိသားစုရဲ့ ခရီးလမ်းကြောင်းကို ဂုဏ်ယူ ဝမ်းမြောက်စွာ မှတ်တမ်း တင်ခဲ့နိုင်ပါတယ်၊ ဒါဟာ ကျနော့်ရဲ့ လုပ်ငန်းနဲ့ ဘဝမှာ လှပပြီး ဘယ်တော့မှ မေ့ပျောက်လို့ မရမယ့် အခန်းကဏ္ဍတခု ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
Ref: etcanada