အဆိုတော် Camila Cabello ကတော မကြာမီပြုလုပ်မယ့် Taylor Swift ရဲ့ “Reputation” နယ်လှည့်ဖျော်ဖြေပွဲမှာ ပွဲတခုကို ရေဓာတ်ခမ်းခြောက်မှုကြောင့် ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
အဆိုတော် Camila က နီဗားဒါးပြည်နယ်၊ Las Vegas မြို့မှာ ပြုလုပ်ခဲ့တဲ့ 2018 Billboard Music Awards ဆုပေးပွဲမှာ ဖျော်ဖြေခဲ့ပြီးတဲ့နောက် ဆေးရုံတက်ရောက်ခဲ့ရတဲ့အကြောင်းကို မေလ ၂၁ ရက်နေ့၊ Twitter မှာ တင်ခဲ့ပါတယ်။ ပြီးတော့ နားဖို့ လိုအပ်တယ်လို့လည်း စာထဲမှာ ဖော်ပြထားပါတယ်။
Twitter မှာ တင်ထားခဲ့တဲ့ စာထဲမှာတော့ အဆိုတော် Camila က “Billboards ဆုပေးပွဲမှာ ကျမ ဖျော်ဖြေခဲ့ပြီးတဲ့နောက်၊ နေမကောင်းဖြစ်လာခဲ့ပြီး စစ်ဆေးဖို့ ဆေးရုံကို ရောက်သွားခဲ့ပါတယ်၊ စစ်ဆေးမှုတွေ အများကြီး လုပ်ပြီးတဲ့နောက် အားလုံး အဆင်ပြေသွားပါတယ်။ ဒါပေမယ့် ရောဂါဖြစ်တာက ရေဓာတ်ခမ်းခြောက်မှုကို အခြေခံပါတယ်။ ပြီးတော့ အဖျား နည်းနည်းလည်း ရှိနေပါတယ်၊ ကျမ အနားမယူဘူးဆိုရင် ပြန်သက်သာလာမှာ မဟုတ်ဘူးလို့ ကျမကို ပြောတယ်” လို့ ရေးသားထားပါတယ်။
အသက် ၂၁ အရွယ် အဆိုတော် Cabello ကတော့ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲမြို့မှာရှိတဲ့ CenturyLink Field မှာ ကျင်းပမယ့် ဖျော်ဖြေပွဲကိုတော့ တက်ရောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
သူက ဆက်ပြီး “ပြီးတော့ ပရိသတ်တွေကို ဝမ်းနည်းစွာနဲ့ အသိပေးလိုပါတယ်၊ ကျမ တတ်နိုင်သလောက် အမြန်ဆုံး ပြန်ကောင်းလာအောင် လုပ်ပါ့မယ်။ ကျမကိုယ်ကျမ တွန်းအားပေးပြီးတော့ ပိုပြီးကောင်းလာပါရစေမယ်လို့ ကတိပေး ပါတယ်” လို့လည်း ရေးသားထားပါတယ်။ ထောက်ခံအားပေးပြီး ဂရုစိုက်ပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောပြီး စာကို အဆုံးသတ်ထားပါတယ်။
အဆိုတော် Camila ဟာ ပြီးခဲ့တဲ့ မေလ ၂ဝ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ Billboard Chart Achievement ဆုကို လက်ခံ ရယူစဉ်မှာ သူ့ကျန်းမာရေးကို စောင့်ရှောက်ဖို့ ဂရုစိုက်ပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောခဲ့ ပြီးတဲ့နောက် အခုလိုမျိုး ကျန်းမာရေး အခြေအနေ ဆိုးရွားခဲ့တာလည်း ဖြစ်ပါတယ်။
ဆုလက်ခံရယူစဉ်မှာ အဆိုတော် Camila က “ကျမဘေးနားမှာ ကပ်နေတဲ့ ပရိသတ်တွေနဲ့ ကျမကို ချစ်ခင်စောင့်ရှောက် ပေးကြတဲ့ ပရိသတ်တွေ၊ ကျမ အိပ်ရေးဝရဲ့လား၊ ရေလုံလုံလောက်လောက် သောက်ရဲ့လားဆိုပြီး မေးကြတဲ့သူတွေကို လည်း ကျေးဇူးတင်ပါတယ်၊ အားလုံးကိုချစ်ပါတယ်” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
Ref; etcanada