ဒီတခါမှာတော့ IMDB rating (7.6) ရရှိထားပြီး ဒါရိုက်တာ Mary Harron ရိုက်ကူးထားပြီး ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ မှုခင်းဒရာမာ ရုပ်ရှင် “American Psycho” ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ Batman မင်းသားလို့ လူသိများ ကြတဲ့ Christian Bale က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ပက်ထရစ်ဘိတ်မန်းဟာ ငွေကြေး၊ ပညာအရည်အချင်းနဲ့ ရုပ်ရည်ပိုင်းမှာပါ အဘက်ဘက်က ပြည့်စုံပြီး အောင်မြင်တဲ့ လုပ်ငန်းရှင် တယောက်ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေရဲ့ လူချမ်းသာ အသိုင်းအဝိုင်းက အပြိုင်အဆိုင်တွေ ကြားထဲမှာ တမူကွဲထွက်နေတဲ့ ပက်ထရစ် ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ဒါရိုက်တာက လှစ်ဟပြသထားတာကို ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။
သူကျင်လည်နေရတဲ့ ပတ်ဝန်းကျင်ဟာ အချင်းချင်း ရယ်မောစကားပြောနေကြပေမယ့် စိတ်ထဲမှာတော့ မုန်းတီး ရန်လိုနေကြတဲ့ ပတ်ဝန်းကျင်တခုဖြစ်ပြီး အဲဒီလိုအနေအထားမှာ ပက်ထရစ်တယောက် သူမျက်မုန်းကျိုးရတဲ့ လုပ်ဖော်ကိုင်ဖက်တယောက်ကို အိမ်အလည်ခေါ်ကာ သတ်ပစ်လိုက်ပါတော့တယ်။
လူသတ်ကာနီးတိုင်း လူတွေရဲ့ သွေးရူးသွေးတန်း ကြောက်လန့်တကြား အော်ဟစ်သံတွေကို နားထောင်ခံစားရတဲ့ အရသာဟာ သူ့ရဲ့စိတ်အစာမကြေမှုတွေကို ဖြေဖျောက်စရာ တခုအဖြစ် ထင်မြင်လာတဲ့နောက်မှာတော့ ပက်ထရစ် တယောက် လူသတ်တာကို တဖြည်းဖြည်းနဲ့ စွဲလန်းလာပါတော့တယ်။
ဒီဇာတ်ကားဟာ တခြားသော Psychological ဇာတ်ကားတွေလို ဇာတ်လမ်းပိုင်းဆိုင်ရာမှာ ရှုပ်ရှုပ်ထွေးထွေး မနိုင်ဘဲ ကြည့်ရှုသူကို ဇာတ်လမ်းအစကနေ အဆုံးအထိ ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ပက်ထရစ်ရဲ့ လုပ်ရပ်တွေဟာ အမှန်တကယ်လား စိတ်ကူးယဉ်သက်သက်လားဆိုတာကိုတော့ ကြည့်ရှုသူက လိုက်ပြီး ခေါင်းစားကြရမှာပါ။
ရုပ်ရှင်ဝေဖန်ရေးသမားအများစု အသိအမှတ်ပြုခဲ့တဲ့ ဒီဇာတ်ကားဟာ ဇာတ်လမ်း ပြီးဆုံးသွားတဲ့အထိ တွေးစရာတွေ တပုံတပင်နဲ့ ကျန်ခဲ့မယ့် ဇာတ်ကားမျိုး ဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။