Rap သီချင်းတွေနဲ့ ဂီတလမ်းမှာ သရဖူဆောင်းနေဆဲ ထက်ထက် (ခ) Bobby Soxer
ဒီနေ့ မေလ ၂၂ ရက်နေ့ဟာ အဆိုတော် ထက်ထက် (ခ) Bobby Soxer ရဲ့ ၂၅နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ အဆိုတော် Bobby Soxer က ဂီတလောကမှာ အသက်ငယ်ငယ်နဲ့ ပရိသတ်သိလာပြီး လက်ခံအားပေးခြင်းကို ခံခဲ့ရတဲ့ အမျိုးသမီး Rap အဆိုရှင်တဦးလည်း ဖြစ်ပါတယ်။
နာမည်ရင်းက ထက်ထက်အောင်ဖြစ်ပြီး အစ်ကိုဖြစ်သူနဲ့အတူ Hip Hop ဂီတလောကကို ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး Bobby Soxer ဆိုတဲ့ နာမည်နဲ့ သီချင်းများကို သီဆိုခဲ့ပါတယ်။ အတွဲခွေများမှာ ပါဝင်သီဆိုခဲ့ရင်း အဆိုတော်လွှမ်းပိုင်နဲ့ အပြိုင် Rap သီချင်းတွေ ရွတ်နိုင်တဲ့ စူးရှတဲ့ အသံပိုင်ရှင် မိန်းကလေး Rapper အဆိုရှင်တဦးလည်း ဖြစ်ပါတယ်။ “ပွဲ” ဆိုတဲ့ သီချင်းကစပြီး ထက်ထက်ကို ပရိသတ်များက စတင်သတိထားမိတယ်လို့လည်း Bobby Soxer က ဆိုဖူူးပါတယ်။
လွှမ်းပိုင်နဲ့ တယောက်တဝက်ဆီ သီဆိုထားတဲ့ “ဒုံးပျံ”ဆိုတဲ့ တေးစီးရီးကိုဖြန့်ချိခဲ့ပြီး ဒီထဲက တေးသီချင်းတော်တော် များများကလည်း ပရိသတ်လက်ခံအားပေးခြင်း ခံခဲ့ရပါတယ်။ ဒီသီချင်းမတိုင်ခင်ကတော့ “နှုတ်မဆက်ချင်ဘူး” ဆိုတဲ့ သီချင်းကို အဆိုတော်လွှမ်းပိုင်နဲ့ အတူ သီဆိုခဲ့ဖူးပြီး ပရိသတ်အကြိုက်တွေ့ခဲ့သလို နောက်ပိုင်းမှာလည်း အဆိုတော် လွှမ်းပိုင်နဲ့ စုံတွဲသီချင်းတော်တော်များများမှာ ပါဝင်သီဆိုရင်း အောင်မြင်မှုရရှိလာခဲ့ပါတယ်။
“21” လို့ နာမည်ပေးထားတဲ့ ပထမဆုံး တကိုယ်တော်တေးစီးရီး အခွေကို လွန်ခဲ့တဲ့ ၄ နှစ်က ဖြန့်ချိခဲ့ပါတယ်။ အသံ စူးစူးရှရှနဲ့ Rap စာသားတွေရွတ်ဆိုနိုင်တဲ့ ထက်ထက်(ခ) Bobby Soxer ကတော့ မြန်မာနိုင်ငံရဲ့ ရေတွက်လို့ရတဲ့ Rapper အဆိုရှင် မိန်းကလေးတွေထဲမှာ အောင်မြင်သူတဦးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင့် ထက်ထက်က တေးသီချင်းများကို ကိုယ်တိုင်ရေး ကိုယ်တိုင် သီဆိုတတ်တဲ့ မိန်းကလေး အဆိုရှင်တဦးလည်း ဖြစ်ပါသေးတယ်။
ထက်ထက်ရဲ့ လူငယ်ဆန်ဆန်နဲ့ ဝတ်စားဆင်ယင်တတ်တဲ့ ဖက်ရှင်များကလည်း လူငယ်မိန်းကလေး ပရိသတ်တွေကြားမှာ အမြဲတမ်း စိတ်ဝင်စားခြင်း ခံရပါတယ်။ ဖက်ရှင်ဆန်းဆန်းများကိုအမြဲတမ်း တွဲဖက်ဝတ်ဆင်တတ်ပြီး Facebook ၊ နဲ့ Instagram အကောင့်များမှာလည်း Follower အများဆုံး အဆိုရှင်တဦးလည်း ဖြစ်ပါတယ်။ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ အတွက်လည်း “Hight Skool” လို့ အမည်ပေးထားတဲ့ ဖက်ရှင်ဆိုင်ကို အဆိုတော် လွှမ်းပိုင်နဲ့ အတူတူ တွဲဖက် ဖွင့်လှစ်ထားပါတယ်။
အချစ်ရေးမှာလည်း အဆိုတော်လွှမ်းပိုင်နဲ့ ချစ်သူသက်တမ်း ၉ နှစ်ပြည့်တဲ့အထိ ခိုင်မြဲစွာ လက်တွဲထားနိုင်ပါတယ်။ နှုတ်ခမ်းပေါ်မှာ မှဲ့လေး ရှိတဲ့ ချစ်စရာကောင်းတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသမီး Rap အဆိုရှင် Bobby Soxer ခေါ် ထက်ထက် ကတော့ ရှေ့ဆက်ပြီး အောင်မြင်မှုတွေ မှတ်တိုင်ထူသွားဦးမယ့် အနုပညာရှင် မိန်းကလေး တယောက်ပါ။