မကြာခင် ရုံတင်ပြသတော့မယ့် “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အဆိုတော် ရဲရင့်အောင်ကတော့ ပရိသတ်ကို သီချင်းတွေပဲ ပေးချင်ပါတယ်လို့ ဆိုပါတယ်။
“ကျနော် သီချင်းတွေပဲ ပေးချင်ပါတယ်။ တခြားဟာတွေ မကျွမ်းကျင်ဘူး။ အပြောအဆို နေထိုင်မှုတွေ မကျွမ်းကျင်ဘူး။ ဒါကြောင့် ပရိသတ်ကို သီချင်းလုပ်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ပေးချင်ပါတယ်” လို့ ရဲရင့်အောင်က ပြောပါတယ်။
မကြာခင် ရုံတင်ပြသတော့မယ့် သူ့ရဲ့ပထမဆုံးရုပ်ရှင်ကားကြီးအတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားနေပြီး ဒီကားမှာ ထူးခြားတာတွေကို တွေ့ရမယ်လို့ ပြောပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ရဲရင့်အောင်က “ပထမဆုံး ရုပ်ရှင်ကားကြီး ဖြစ်တဲ့အတွက် ရင်ခုန်တာတွေရော စိတ်လှုပ်ရှားတာတွေရော အများကြီး ရှိပါတယ်။ ဒီကားမှာ ကျနော့် ကာရိုက်တာက ပိုက်ဆံရှိတယ် စိတ်ထဲရှိတာ အကုန် လျှောက်လုပ်တယ်။ ထူးခြားချက်က များမယ် ထင်တယ်။ အဆိုတော်၂ယောက် ပါဝင်သရုပ်ဆောင်ထားတာကိုက ထူးခြားနေပါတယ်” လို့ ပြောပါတယ်။
ဒီကားထဲမှာတော့ အကယ်ဒမီ ဖွေးဖွေးနဲ့အတူ အဆိုတော်လွှမ်းပိုင်၊ ရဲရင့်အောင်တို့က သရုပ်ဆောင်ထားပြီး ဖွေးဖွေးနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့အပေါ် အခုလိုပဲပြောပြခဲ့ပါတယ်။
“တချို့ဇာတ်ဝင်ခန်းတွေမှာ ကျနော့်ဘက်က ရှိန်တာတွေရှိတယ်။ မိန်းကလေးတယောက်နဲ့ သရုပ်ဆောင်ရတဲ့အခါမှာ ကျနော်က အရမ်းအားနာတတ်တယ်။ အားနာပြီး ပြန်ရိုက်ရတဲ့အခန်းတွေရှိတယ်။ အားမနာဖို့ပြောတယ်။ မြန်မြန်နဲ့ ကောင်းကောင်းပြီးအောင် ကြိုးစားခဲ့ပါတယ်” လို့ ရဲရင့်အောင်က ပြောပါတယ်။
ရဲရင့်အောင်အနေနဲ့ သရုပ်ဆောင်မှုအပိုင်းမှာ ဗီဒီယိုတကားရိုက်ခဲ့ဖူးပြီး ရုပ်ရှင်ကားကြီးအနေနဲ့“ငါ့ကိုနမ်းတဲ့မုန်တိုင်း” မှာ သရုပ်ဆောင်တာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။ တေးသီချင်း သီဆိုမှု အပိုင်းမှာတော့ အဆိုတော် ရဲရင့်အောင်က မထွက်တာကြာနေတဲ့ တကိုယ်တော်အခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။