ရမည်းသင်းမြို့နယ်၊ ရွာတန်းရွာ၌ ဖျော်ဖြေကပြခဲ့တဲ့ အောင်ပင်လယ်ဆပ်ကပ်အဖွဲ့ မှ လူရွှင်တော်(ဂျိုကာ)၊ ဆပ်ကပ် ပညာရှင် ကြက်တူရွေး(ခေါ်) ကိုနေမင်းကို ပရိသတ်အတွင်းမှ လောက်စာလုံးနဲ့ ပစ်ခတ်ခဲ့ပြီး မျက်လုံး ထိမှန်သွားသဖြင့် ဂျိုကာမှာ မျက်လုံးတဖက် ထုတ်ပစ်လိုက်ရပြီး ယခုအခါ ပြစ်မှုကျူးလွန်သူရွာသားကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
“ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျနော်တို့ရဲ့ ဥက္ကဋ္ဌကလည်း တော်တော်လေး စိတ်မကောင်းဖြစ်နေရပါတယ်။ စိတ်မကောင်း ဖြစ်တယ်ဆိုတဲ့ အပိုင်းမှာ ကျနော်တို့က ပြည်သူနဲ့ တသားထဲ ဖျော်ဖြေရတာ ဖြစ်ပါတယ်။ အမှားအမှန်ကတော့ ရှိကြစမြဲပါ။ ပရိသတ်ကလည်း မှားတာပဲ။ အနုပညာရှင်ကလည်း မတော်တဆ မှားတာတွေရှိမှာပဲ။ တယောက်နဲ့ တယောက် သည်းခံ ခွင့်လွတ်ပြီး ကိုယ်ထိလက်ရောက် မဖြစ်ဘ ဲဖြေရှင်းကြရင်တော့ အဆင်ပြေတာပေါ့ဗျာ။ ကိုယ်ထိလက်ရောက် လုပ်လိုက်တဲ့ လူတစုကို ထိရောက်စွာ အရေးယူပေး စေချင်ပါတယ်”လို့ မြန်မာနိုင်ငံ သဘင် အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးမိုးဝင်းက ဆိုပါတယ်။
“ဒီလိုကိစ္စတွေ ခဏခဏ ဖြစ်တယ်။ ကျနော်တို့ တချို့နေရာတွေမှာ စော်ကားတာ ခံခဲ့ရတာတွေ ရှိတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ လုံခြုံမှု အားနည်းတယ်။ လုံခြုံရေး ယူထားတဲ့ ပုဂ္ဂိုလ်များကလည်း လုပ်ဆောင်မှု အားနည်းတာ တွေ့ရပါတယ်။ ဒီလိုနောက် မဖြစ်ဖို့အတွက်ကိုလည်း ကျနော်တို့က နိုင်ငံတော်ကို တင်ပြလိုပါတယ်” လို့ ဦးမိုးဝင်းက ပြောပါတယ်။
ဆက်လက်ပြီး သူက “လုံခြုံရေး အားနည်းတာကတော့ကြာလှပါပီ။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အတူတူ အစိုးရသစ် လက်ထပ်မှာလည်း ဖြစ်စေချင်ပါတယ်။ ကျနော်တို့က နိုင်ငံကသိအောင် ပြောကြားခြင်း ဖြစ်ပါတယ်။ ကျနော်တို့ကလည်း အခုချိန်ကစပြီး သေချာ ကြပ်ကြပ်မတ်မတ်နဲ့ အနုပညာသည်များရဲ့ ဘဝတွေ၊ လုံခြုံရေးတွေ ဒါတွေအားလုံးကို အထူးတလည် စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ လောက်စလုံးနဲ့ အပစ်ခံရသူ ဂျိုကာမှာ မျက်လုံးတဖက် ထုတ်ပစ်လိုက်ရပြီး၊ ပစ်လိုက်တဲ့ရွာသားကိုလည်း ကျေးရွာစခန်းမှုး(နယ်ထိန်း)က ဒီအမှုကို ကိုင်တွယ်ဖြေရှင်းနေကြောင်း သိရပါတယ်။ ပြစ်မှုကျူးလွန်သူ ရွာသားကိုလည်း အပြင်းအထန် နာကျင်စေမှု၊ ဥပဒေ ပုဒ်မ ၃၂၅ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
လောက်စလုံး အပြစ်ခံရသူ ဂျိုကာကို အလှူငွေ ထောက်ပံ့ငွေများလည်း ပေးအပ်ဖို့ရှိပြီး သဘင်အစည်းအရုံးက သိန်း၂၀ ထောက်ပံ့ပေးဖို့ ရှိကြောင်း သိရပါတယ်။ အဆိုပါ အကြောင်းအရာများနှင့် ပတ်သတ်ပြီး ယနေ့၊ မေလ၂၂ရက်နေ့ က မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို) ရုံးမှာ သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။