အဆိုတော် Avril Lavigne ကတော့ ဘီလီယံနာတဦးဖြစ်တဲ့ Phillip Sarofim ဆိုသူနဲ့ တွဲနေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ချစ်သူသက်တမ်း သိပ်မကြာသေးဘူးလို့ ဆိုပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်မှာ ကနေဒါ ဂီတထုတ်လုပ်သူ J.R. Rotem နဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် တက္ကဆက်ပြည်နယ်က ဘီလီယံနာ သူဌေးကြီး Fayez Sarofim ရဲ့ သားဖြစ်သူ Phillip Sarofim နဲ့ တိတ်တဆိတ်တွဲနေကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
သတင်းရင်းမြစ်တခုက သူတို့နှစ်ဦးကို ကြားမှ သူငယ်ချင်းတဦးက ညစာစားပွဲပါတီတခုမှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး တကယ့်ကိုပဲ မျက်စိကျခဲ့ကြတာ ဖြစ်တဲ့အကြောင်း လော့စ်အင်ဂျလိစ်မြို့မှာ ရှိတဲ့ သူတို့ရဲ့အိမ်တွေမှာ သွားလိုက်ပြန်လိုက် လုပ်နေတဲ့အကြောင်း E! News မီဒီယာကို ပြောကြားခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့ အချစ်ရေး အသေးစိတ်ကို ဖုံးကွယ်ထားကြပေမယ့် ပြီးခဲ့တဲလ၊ လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ စူပါမားကတ် တခုမှာ နှစ်ဦးသားလက်ချင်း ချိတ်အပြီး လူမြင်ကွင်းမှာ သွားလာနေခဲ့ကြတာကိုလည်း မြင်တွေ့ခဲ့ကြပါတယ်။ အသက် ၃၃ နှစ်အရွယ် အဆိုတော် Avril Lavigne ဟာ Chad Kroeger နဲ့ ၂၀၁၃ ခုနှစ်မှာလက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကွာရှင်းခဲ့ ပါတယ်။
အသက် ၄၃ နှစ်အရွယ် Chad နဲ့ အခုလိုမျိုး လမ်းခွဲလိုက်ကြပေမယ့် ခင်ပွန်းဟောင်းနဲ့ ကိုယ်ရေးကိုယ်တာ အရရော၊ လုပ်ငန်းအရပါ အမြဲတမ်း နီးစပ်နေဦးမှာ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။
အဆိုတော် Avril Lavigne က “စတူဒီယိုထံမှာ ကျမတို့အလုပ်အတူတူလုပ်ခဲ့ကြပါတယ်၊ ပြီးတော့ အခုအထိအလုပ် အတူတူ လုပ်နေဆဲပါ၊ ကျမတို့ တဦးကိုတဦး နက်နက်နဲနဲ ချစ်သလို သူငယ်ချင်း ဆက်ဆံရေးကို ထိန်းသိမ်းထားဆဲပါ၊ ပြီးတော့ ကျမတို့ ထိန်းသိမ်းချင်တာလည်း တခုရှိပါတယ်။ အဲဒါ ကျမတို့အတွက် အရေးကြီးပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အဆိုတော် Avril ဟာ Lyme ရောဂါ ဖြစ်ပွားရာကနေ ပြန်လည်သက်သာလာခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ၅ လလောက် အိပ်ရာထဲ လဲနေခဲ့တာလည်း ဖြစ်ပါတယ်။
Ref: contactmusic