နယ်ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် နေမျိုးအောင်က ဘဝတူနယ်ကြိုက် ဖိုက်တင်မင်းသား တလက်ဖြစ်တဲ့ သရုပ်ဆောင် နေထူးနိုင်ကို “သစ်ပင် မြင့်ရင်တော့ လေတိုက်ခံရမှာပါပဲ” ဆိုပြီး အားပေးစကား ပြောကြားလိုက်ပါတယ်။
လတ်တလော Facebook အသုံးပြုသူ၊ အွန်လိုင်းပရိသတ်များကြားမှာ နေထူးနိုင် ရိုက်ကူးထားတဲ့ ဇာတ်ကားများနဲ့ ပတ်သတ်ပြီး သူ့ကို Troll လုပ်သူများက လှောင်ပြောင်နေကြတာနဲ့ ပတ်သတ်လို့ နေမျိုးအောင်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“အစ်ကိုက တလုံးပဲ ပြောချင်တယ်။ သစ်ပင်မြင့်ရင်တော့ လေတိုက်ခံရမှာပါပဲ။ သစ်တပင် ကောင်းရင် ငှက်တသောင်း နားလို့ ရတယ်။ ကိုယ်ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ဒီဝေဖန်မှု၊ ပြောဆိုမှု၊ ရှုံချမှု ဆိုတာကတော့ လောကကြီးမှာ လူသားထဲက လူတယောက်ပဲ။ ဒါကတော့ သိပ်မဆန်းဘူးလို့ အစ်ကို ထင်တယ်”လို့ သရုပ်ဆောင် နေမျိုးအောင်က နေထူးနိုင်အပေါ် Facebook အသုံးပြုသူများက နောက်ပြောင်ကြတာနဲ့ ပတ်သက်ပြီး ဧရာဝတီကို ပြောပါတယ်။
သရုပ်ဆောင် နေမျိုးအောင်ကလည်း နယ်ပရိသတ်ကြိုက် ဖိုက်တင်နဲ့ အက်ရှင်အသားပေး ဇာတ်ကားများကို ရိုက်ကူးခဲ့သူ တဦးဖြစ်ပြီး တချိန်က အောင်မြင်တဲ့ ဗီဒီယိုဈေးကွက် မင်းသားအဖြစ် ရပ်တည်နိုင်ခဲ့သူတဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ကားကြီးများနဲ့ ဗီဒီယိုဇာတ်ကားများ၊ ဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။
သရုပ်ဆောင် နေထူးနိုင်ကတော့ နယ်ပရိသတ်များစွာ ရရှိထားပြီး နယ်ပရိသတ် အကြိုက် အက်ရှင်အသားပေး ဗီဒီယို ဇာတ်ကားများစွာ ရိုက်ကူးနေသလို မကြာသေးခင်ကလည်း အနုပညာကို စိတ်ဝင်စားတဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ရည်ရွယ်ပြီး “Target Art Training Center” ဆိုတဲ့ အနုပညာ သင်တန်းကျောင်း တခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ဆက်စပ်သတင်းများ – “တဘက် တထည်ရှိရင် ဇာတ်ကားတကား ရိုက်လို့ရတယ်” ဆိုတဲ့ သရုပ်ဆောင် နေမျိုးအောင်
မျိုးဆက်သစ် အနုပညာရှင်များအတွက် ဖွင့်လှစ်လိုက်တဲ့ နေထူးနိုင်ရဲ့ အနုပညာသင်တန်းကျောင်း