အဆိုတော် စန္ဒီမြင့်လွင်နဲ့ ဆိုဖီယာတို့ နှစ်ယောက် အတူတူတွဲပြီး သီဆိုထားတဲ့ “IDFC” (I Don’t Fucking Care) လို့ အမည်ပေးထားတဲ့ Music Video သီချင်းတပုဒ်ကို မနေ့ မေလ ၂၂ ရက်နေ့မှာ အွန်ုလိုင်းပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဗီဒီယိုကတော့ လက်ရှိ ပရိသတ်ကြားမှာ ဝေဖန်မှုများ၊ အားပေးမှုများ ဖြစ်ပေါ်နေပါတယ်။
“IDFC” သီချင်း Music Video မှာ သရုပ်ဆောင်ထားတဲ့ ဂျက်စီကာဒါဒါနဲ့ Bella
ဘာကြောင့်လဲဆိုတော့ ဒီ Music Video က မိန်းကလေးချင်း ချစ်ကြိုက်ကြတဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီသီချင်း ဗီဒီယိုထဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သူတွေကတော့ ဂျက်ဆီကာဒါဒါနဲ့ အလှမယ် Bella (ခ) မြတ်သိရီလွင် တို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပါဝင်ရိုက်ကူးထားတဲ့ အလှမယ် Bella ကို ဧရာဝတီက ဆက်သွယ်မေးမြန်းတဲ့အခါ “ညီမ ရိုက်ကူးဖြစ်သွားတာက MRTV-4 က ညီမကို ကမ်းလှမ်းတယ်။ မစန္ဒီမြင့်လွင် သီချင်းလေး ရိုက်ဖို့ ရှိတယ်။ ရိုက်ပေးမလားလို့ မေးတာနဲ့ ညီမက ရိုက်ပေးမယ်ဆိုပြီး ရိုက်ပေးဖြစ်သွားတာပါ။ ညီမကို မရိုက်ခင်ကလည်း ကြိုပြောတယ်ပေါ့။ မိန်းကလေးချင်း ကြိုက်တဲ့ ပုံစံမျိုးဆိုတော့ ရိုက်လို့ အဆင်ပြေလား ပြောတယ်။ သရုပ်ဆောင်တာမျိုးပဲ ဆိုတော့ ညီမလည်း လက်ခံ လိုက်တာပါ။ ညီမတို့ ရိုက်တုန်းကလည်း အဆင်ပြေတယ်။ ထွက်လာတော့လည်း တော်တော်မိုက်တယ်”လို့ ပြောပါတယ်။
“IDFC” Music Video Link
ဒီလို LGBT (Lesbian, Gay, Bisexual, Transgender) ပုံစံ Music Video ကို ဖိလစ်ပိုင်နိုင်ငံက ဒါရိုက်တာ ရိုက်ကူး ပေးထားတာဖြစ်ပြီး မြန်မာနိုင်ငံက ပရိသတ်အချို့အနေနဲ့ ဒီအပေါ်မှာ လက်ခံရခက်ပြီး အမြင်ဆန်းစေတဲ့အတွက် ဝေဖန်သံ အချို့ ရှိနေပါတယ်။ ဒါပေမယ့် အားပေးကြတဲ့ ပရိသတ်များ၊ သဘောကျတဲ့ ပရိသတ်များလည်း ရှိကြပါတယ်။
LGBT များအပေါ်နဲ့ ပတ်သတ်ပြီး Bella က လည်း အခုလိုဆိုုပါတယ်။ “LGBT တွေကို ညီမ မဝေဖန်ပါဘူး။ အားလည်း အားပေးပါတယ်။ အချစ်နဲ့ ပတ်သတ်ရင် ဘယ်သူ့ကိုပဲ ချစ်ချစ်ပါ။ညီမက အားပေးပါတယ်” လို့ ဆိုပါတယ်။
သရုပ်ဆောင် Bella က လွန်ခဲ့တဲ့ တနှစ်နီးပါးကလည်း သူမရဲ့ သူငယ်ချင်းဖြစ်သူ မော်ဒယ် မိန်းကလေးတယောက်နဲ့လည်း Facebook မှာ Relationship တခုကို စနောက်ပြီး တင်ခဲ့တဲ့ အတွက် ပရိသတ်များကြား စိတ်ဝင်စားခြင်း ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒါဟာ စနောက်မှု တခုသာ ဖြစ်တယ်လို့ Bella က ဧရာဝတီကို ဆိုပါတယ်။