Entertainment

ဆေးရုံမှာ ၂ ပတ်နီးပါး ဆေးကုသမှု ခံယူရဦးမယ့် သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ)

လေဖြတ်ရောဂါ ဝေဒနာနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ ဟာသ လူရွှင်တော် သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ)ဟာ နောက်ထပ် ၁၄ ရက်၊ ၁၅ ရက်လောက် ဆေးကုသမှု ဆက်လက် ခံယူရဦးမယ်လို့ သဘင်လူမှု ကူညီစောင့်ရှောက်ရေး ကော်မတီ( ပြန်ကြားရေးမှူး) ဦးကောင်းကျော်က ဧရာဝတီကို ပြောပါတယ်။

ဦးဝင်းနိုင် (အနုပညာ) က မေလ ၂၂ ရက်နေ့ညက ငပိထောင်းနဲ့ ထမင်းစားခဲ့ပြီး ညမှာ အပေါ့ထသွားရာ ကနေ လဲကျပြီး ဘယ်ဘက် ကိုယ်တခြမ်း လေဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဦးဝင်းနိုင်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေနဲ့ ပတ်သတ်ပြီး ဦးကောင်းကျော်က “အခုလက်ရှိတော့ အခြေအနေ တိုးတက်လာပါတယ်။ လုံးဝ ဆိုးဆိုးရွားရွားကြီး မဟုတ်ပါဘူး။ ဖြစ်ခါစ ထက်တော့ ပိုပြီး တိုးတက်လာတာပေါ့။ ဆရာဝန်တွေကလည်း ဂရုစိုက်ပေးလို့ မကြာခင်တော့ ပြန်ထူးခြား ကောင်းမွန် လာမှာပါ” လို့ ပြောပါတယ်။

ဦးကောင်းကျော် ပါဝင်တဲ့ “အင်ပါယာ လူရွှင်တော်အဖွဲ့” အနေနဲ့ အလှူငွေ ကျပ်တသိန်းကိုလည်း ဦးဝင်းနိုင်အတွက် သွားရောက် လှူဒါန်းခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒါနဲ့ပတ်သတ်လို့ “ကျနော်တို့ လူရွှင်တော်အသင်းကနေရော  သဘင် အစည်းအရုံးကရော သူရဲ့ သားတပည့်တွေကရော လာရောက် လှူဒါန်းနေကြပါတယ်။  ဆေးရုံမှာ ၁၄ ရက်၊ ၁၅ ရက် လောက်တော့ နေရဦးမှာပေါ့။ ဆေးပတ်လေး လည်အောင်နဲ့ သူ့ရဲ့ကျန်းမာရေးကိုလည်း ပြန်လည် ကောင်းမွန်အောင် နေရဦးမယ်လို့ ကျနော် ထင်တာပါ ”လို့ ဦးကောင်းကျော်က ပြောပါတယ်။

ဦးဝင်းနိုင် (အနုပညာ) ဟာ လူရွှင်တော်အသင်းရဲ့ နာယကတဦးဖြစ်ပြီး သဘင်အစည်းအရုံးရဲ့ နာယကတဦးအဖြစ်လည်း တာဝန်ယူထားသူ ဖြစ်ပါတယ်။ ဦးဝင်းနိုင်ဟာ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများစွာမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်တဲ့ ဝါရင့် အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။

Loading