Entertainment

ကျန်းမာရေး မကောင်းလို့ ကားရိုက်များ နားထားတဲ့ သရုပ်ဆောင် မယ်လိုဒီ

အကယ်ဒမီ မယ်လိုဒီက မိသားစုနဲ့အတူ ဧပြီလက လန်ဒန်ခရီးစဉ် သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်မှာ ကျန်းမာရေး အနည်းငယ် ထိခိုက်ခဲ့တာကြောင့် ကားရိုက်နားထားတယ်လို့ သိရပါတယ်။ မယ်လိုဒီက အချိန်တလနီးပါး ကြာမြင့်ခဲ့တဲ့ လန်ဒန်ခရီးစဉ် အရှိန်ကြောင့် လန်ဒန်က လေဆိပ်မှာ မူးလဲပြီး ကြမ်းပြင်မှာ ပုံကျသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

“အခုတော့ ကျန်းမာရေးကောင်းအောင် ကြိုးစားပြီး နေမယ်။ အဓိကက စိတ်ထား ပိုကောင်းအောင် ကြိုးစားမယ်။ တတ်နိုင် သလောက်ပါပဲ။ တယောက်တည်း ဆိုရင်တော့ ဘဝမှာ ကြောက်စရာ အထွေအထူး မရှိပေမယ့် သားသမီး ရှိလာတဲ့ အခါ ကျတော့ ကိုယ့်ထက်ကို သားသမီးကို စိတ်ပူတယ်၊ စိုးရိမ်တယ်။တယောက်နဲ့တယောက်က ကုသိုလ်ကံ မတူပါဘူး။ သူဟာနဲ့သူ အဆင်ပြေသွားပါလိမ့်မယ်”လို့ မယ်လိုဒီက ဧရာဝတီကို ပြောပါတယ်။

လေဆိပ်မှာ မိခင် မူးလဲသွားပြီးနောက် သားဖြစ်သူက အမေကို ပိုကပ်နေတယ်လို့ ဆိုပါတယ်။ မယ်လိုဒီမှာ “သိဒ္ဓီစစ်” ဆိုတဲ့ သားတဦးရှိပြီး မယ်လိုဒီက သားသမီးအပေါ် ထားတဲ့စိတ်နဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။

“မိဘတိုင်းကတော့ သားသမီးကို အကုန်လုံး ချစ်ကြတယ် ထင်ပါတယ်။ ကိုယ်တယောက်ထဲ ထူးခြားပြီး ချစ်နေတာတော့ မဟုတ်ဘူး ထင်တယ်။ အဓိကတော့ ကိုယ့်ကိုယ်ကို အချစ်ဆုံးပါပဲ။ အရိုးသားဆုံး ဝန်ခံရရင် ကိုယ်လုပ်နိုင်ရင်၊ ကိုယ် အစွမ်းအစရှိရင် ကိုယ်အသက်ရှင်နေဖို့ လိုအပ်တယ်။ အဲ့ဒီလိုမျိုးပါပဲ။ သားအတွက် ရုန်းထတယ် ဘာညာ ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိတယ်။ မျိုးကတော့ လက်တွေ့ကျတယ်။ သားကို မချစ်ဘူး မဟုတ်ဘူး ချစ်တယ်။ လက်တွေ့ကျတဲ့ အဖြေမျိုးပဲ ပေးချင်တယ်။ စိတ်ကူးယဉ်ဆန်တဲ့ အဖြေမျိုး မပေးချင်ဘူး”လို့ မယ်လိုဒီက ဆိုပါတယ်။

သရုပ်ဆောင် မယ်လိုဒီက အနုပညာနဲ့ပတ်သတ်ပြီး အကယ်ဒမီထူးချွန်ဆု ရရှိထားတဲ့ သရုပ်ဆောင်တဦးဖြစ်ပြီး အိမ်ထောင်ကျ သွားပြီးတဲ့နောက်မှတော့ အနုပညာလှုပ်ရှားမှုများ အနည်းငယ်လျော့နည်းသွားခဲ့ပါတယ်။ သားတဦးရဲ့ မိခင်လည်း ဖြစ်တာကြောင့် ကြော်ငြာများ၊ ဇာတ်ကားများကို အချိန်ပေးပြီး ရိုက်ကူးနေတဲ့ သရုပ်ဆောင်တဦးလည်း ဖြစ်ပါတယ်။

Loading