မကြာခင် ရုံတင်ပြသတော့မယ့် ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ “အနန္တ” (ANANDA) ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်တဲ့ Special Effect မိတ်ကပ်တွေကို Makeup Artist တွေဖြစ်ကြတဲ့ ကျော်မျိုးထွန်းနဲ့ သက်သက်ခိုင်တို့က လိမ်းပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဇာတ်ကားမှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဂြိုဟ်သားဇာတ်ကောင် Notra နဲ့ လူမည်းသမ္မတ ဇာတ်ကောင်က ပရိသတ်များ စိတ်ဝင်စားခံနေရတဲ့ ဇာတ်ကောင်များ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်များကို ပါဝင် ပြင်ဆင်ပေးခဲ့သူတဦးဖြစ်တဲ့ သက်သက်ခိုင် (Art Creation) က ဒီဇာတ်ကားမှာ လိမ်းခြယ်ပေးဖြစ်တာနဲ့ ပတ်သတ်ပြီး ဧရာဝတီကို အခုလိုဆိုပါတယ်။
“ကျမ ဒီဇာတ်ကားမှာ Notra ဆိုတဲ့ဇာတ်ကောင်ရယ် ၊ လူမည်းသမ္မတ ဇာတ်ကောင်ရယ်ကို ဖန်တီးထားပါတယ်။ Notra ကိုက မျက်လုံးကစားတာတွေ Body Paint ရယ်၊ Special Effect မိတ်ကပ်တွေနဲ့ ပြုလုပ်ပြီးတော့ လိမ်းပေးထားတယ်။ လူမည်း သမ္မတအဖြစ် သရုပ်ဆောင်မယ့်သူက အပြင်မှာ အသားဖြူတယ်။ သူ့ကို လူမည်းဖြစ်အောင် ပြင်ပေးထား ရတာပေါ့” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ကျမနဲ့ ဆရာကျော်မျိုးထက် ဇာတ်ကောင်ကို သေချာ စဉ်းစားတယ်။ ကိုညိုက ညီမတို့ကို စဉ်းစားခွင့် ဖန်တီးခွင့် အများကြီးပေးထားတယ်။ အဲ့အတွက် ပစ္စည်းတွေရှာတယ်။ တိုင်ပင်တယ်။ မကြိုက်မချင်း ထပ်ခါ ထပ်ခါ လုပ်တယ်။ ကျမဆရာမ တီချယ် ဒေါ်ကျင်ပို့ကလည်း အများကြီး ထောက်ပံ့ပေးပါတယ်။ ညီမတို့ Special Effect ပညာကို မလေးရှားမှာ သင်တန်းတက်ခဲ့တာပါ”လို့ ပြောပါတယ်။
ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားကို နမူနာပြတဲ့အခါမှာ လူမည်းသမ္မတ နဲ့ပတ်သတ်ပြီး ပရိသတ် ဝေဖန်မှုများ ရှိနေခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး “လူမည်းကို မတူဘူး ပြောတယ်လို့ ဝေဖန်နေကြတာကိုလည်း ကျမတို့က ကြိုဆိုပါတယ်။ ဝေဖန်မှလည်း ကျမတို့က ဘယ်လို ပြုပြင်ပြောင်းလဲမလဲ ဆိုတာသိမှာပါ”
“မိတ်ကပ်ပညာမှာ၂မျိုးရှိပါတယ်။ လှအောင်လိမ်းတာနဲ့ ဇာတ်ကောင်အရ လိမ်းတယ်ဆိုပြီး ရှိပါတယ်။ အပြင်လောကနဲ့ မိတ်ကပ် ဇာတ်ကောင် လိမ်းတာတော့ နည်းနည်းလေး ကွဲပြားနေမယ်လို့ထင်ပါတယ်။ သူ့ကို ကျမတို့ မဲသဲနေအောင် လိမ်းရအောင်လည်း သူက သမ္မတ ဖြစ်နေတဲ့အတွက် လိုက်အောင်တော့ လိမ်းထားရတာပေါ့” လို့ ပြောပါတယ်။
သက်သက်ခိုင်အနေနဲ့ တခြားရုပ်ရှင်ဇာတ်ကားများမှာလည်း မိတ်ကပ် Effect များကို လိမ်းခြယ်ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။ “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်လူမင်းကို တရုတ်ပေါက်ဖော် တယောက်အနေဖြင့် လိမ်းခြယ်ပေးခဲ့ဖူးပြီး အကယ်ဒမီ လူမင်းကလည်း ဒီဇာတ်ကားနဲ့ ၂၀၁၆ ခုနှစ် အတွက် “အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု” ကို ရရှိခဲ့ပါတယ်။