Entertainment

အချစ်ဇာတ်ကား ကောင်းကောင်း ကြိုက်နှစ်သက်သူတွေ သဘောကျမယ့် “One Day” ရုပ်ရှင်

“အချစ်ဆိုတာ ဘယ်လိုအရာမျိုးလဲ၊ သူချစ် ကိုယ်ချစ် မဟုတ်တဲ့ တဖက်သတ်အချစ်ကကော အဆုံးမှာ ပျော်ရွှင်မှုကို ရရှိစေမှာလား” ဆိုတာ တွေးစရာပါ။ ဒီဇာတ်လမ်းက အထူးသဖြင့် တယောက်တည်းသမားတွေ အတွက် ကိုယ်နဲ့ အကြောင်း တိုက်ဆိုင်တဲ့ ဇာတ်လမ်းမျိုးတောင် ဖြစ်နေနိုင်ပါတယ်။
ဒီဇာတ်ကားက စကြည့်ရင်အေးသလိုလို ထင်ရပေမယ့် တဖြည်းဖြည်းနဲ့ ဇာတ်ရှိန် တက်လာတာကြောင့် အချစ်ကား ကောင်းကောင်း ဖြစ်တယ်ဆိုတာ ပြောပါရစေ။

မင်းသမီးလေးက ချစ်စရာ ကောင်းသလို မင်းသားကလည်း ဇာတ်ကောင်နဲ့ အံဝင်ခွင်ကျ သရုပ်ဆောင် နိုင်တာကြောင့် စာရေးသူကိုတောင် မင်းသားရဲ့ပရိသတ်အဖြစ် ဖမ်းစားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းကို မင်းသားက အဓိက ဦးဆောင် သယ်သွားခဲ့ပြီး မင်းသမီးအပေါ်ထားတဲ့ မင်းသားရဲ့အချစ်ကို ပရိသတ်တွေက လိုက်ပါခံစားရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဒင်ချိုင်ဟာ အိုင်တီဝန်ထမ်း တယောက်ဖြစ်ပြီး အထီးကျန် ရည်းစား မရှိတဲ့သူ တယောက်ပေ့ါ။ လူတိုင်းရဲ့လိုသုံးအဖြစ်ရှိနေခဲ့ပြီး တရက်မှာ နူဝီဆိုတဲ့ကောင်မလေးကို တွေ့လိုက်ရပါတယ်။ နူဝီက ပရင့်တာ ပျက်နေတာကြောင့် အကူအညီလာတောင်းရာကနေစပြီး ဒင်ချိုင်တယောက် နူဝီ့ကို စတင် သဘောကျ ခဲ့ပါတယ်။

နူဝီ မသိအောင် အရိပ်လို တကောက်ကောက် လိုက်ပြီး သူမအဆင်ပြေအောင်ကူညီဖို့ အချိန်မရွေး အသင့် ရှိနေခဲ့ပါတယ်။ ဖွင့်ပြောချင်ပေမယ့် အခွင့်အရေး မရခဲ့အပြင် နူဝီ့မှာကလည်း ချစ်ရမယ့် သူရှိပြီးသားဖြစ်နေခဲ့ပါတယ်။ တနေ့တော့ ဟော့ကိုင်းဒိုးက နှင်းပွဲတော်ကို သွားလည်ကြရာကနေ ဒင်ချိုင်တယောက် နူဝီနဲ့ တရက်တာ ရည်းစား ဖြစ်ခွင့် ရရှိခဲ့ ပါတယ်။

အဲဒီ့နောက်မှာတော့ ပျော်စရာတွေ ဝမ်းနည်းစရာတွေကို ဘယ်လိုခံစားရမယ် ဆိုတာတော့ ဆက်လက် ကြည့်ရှ စေချင်ပါတယ်။

ဆုပေးပွဲတွေမှာလည်း ဒီဇာတ်ကားအပါအဝင် သရုပ်ဆောင်၊ ဒါရိုက်တာတွေက ဆန်ကာတင် စာရင်းဝင်ခဲ့ပါသေးတယ်။ IMDB (7.8) တောင်ရထားတာကြောင့် ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်ကားကောင်း တကား ဖြစ်တယ်ဆိုတာ ညွှန်းဆိုလိုက်ပါရစေ။

Loading