တချိန်က အချစ်ရေးကိစ္စများနဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာဖြင့် ကြုံတွေ့ခဲ့ရတဲ့ အဆိုတော် ကောင်းကောင်းက လက်ရှိအချိန်မှာ သားတယောက်ရဲ့ ဖခင်အဖြစ ်ရှိနေပြီး ဝေဖန်တိုင်းသာ ကျရှုံးရရင် အဝီစိကျတာကြာပြီလို့ ဧရာဝတီကို ပြောပါတယ်။
“ဝေဖန်တိုင်းသာ ကျရှုံးရရင် အဝီစိထဲ ကျတာ ကြာပြီပေါ့။ အဲဒီဝေဖန်မှုတွေကို အပြင်မှာပဲ ထားထားတယ်။ ကိုယ်မှန်တယ် မှားတယ်ဆိုတာ ကာယကံရှင် ကိုယ်တိုင်ရယ် ဘုရားရယ် အသိဆုံးပဲလေ။ အဲဒါကြောင့် ဘာမှမထားဘဲနဲ့ ယုံကြည်လို့ လုပ်ဆောင်တဲ့ အနုပညာပဲ တစိုက်မတ်မတ် လုပ်သွားတာပါ။ ဝေဖန်တာ ဘုရား မကြိုက်ဘူး၊ စီရင်တာ ဘုရား မကြိုက်ဘူးလို့ ထင်တယ်။ ကျနော်ကိုယ်တိုင်တော့ ဘာမှမပြောဘူး။ မဝေဖန်ဘဲနဲ့ ကိုယ်လုပ်စရာရှိတာကို တစိုက်မတ်မတ် လုပ်သွားကြရင် ပိုကောင်းမယ်လို့ အကြံပေးချင်တယ်” လို့ ကောင်းကောင်းက ပြောပါတယ်။
ကောင်းကောင်းကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ တေးသီချင်းများ ရေးသားပေးနေပြီး ဒီနှစ်ထဲမှာ သူ့ရဲ့ တကိုယ်အခွေ ထွက်ရှိရန် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ သားတယောက်ရဲ့ ဖခင်ဖြစ်နေပြီး မိသားစုဘဝ တခုကို တည်ထောင်ထားတဲ့အတွက် ယခင်က ကောင်းကောင်းနဲ့ အခုကောင်းကောင်း ကွာခြားမှုတွေ ရှိသွားတယ်လို့ လည်း ဆိုပါတယ်။
“ထူးခြားပါတယ်။ လူပျိုဘဝက လွတ်လပ်တယ်။ အခုသားလေး ရှိလာပြီ ဆိုတော့ အခုကိုယ့်ရဲ့ ဘဝက အရမ်းပြည့်စုံ လာပြီလို့ ခံစားရပါတယ်။ အရင်တုန်းလို ပေပေတေတေနဲ့ ကိုယ်နေချင်တဲ့ပုံစံနဲ့ သွားနေလို့ မရဘူး။ တော်တော်ကြီးကို ပြောင်းလဲသွားပါပြီ” လို့ ကောင်းကောင်းက ပြောပါတယ်။
ကောင်းကောင်းက အမျိုးသမီး အဆိုတော်တယောက်နဲ့ လမ်းခွဲပြတ်ဆဲခဲ့ပြီးနောက် ပြင်းထန်တဲ့ ဝေဖန်မှုများစွာနဲ့ ကြုံတွေ့ ခဲ့ရပေမယ့် ယခုအခါမှာတော့ အေးချမ်းတဲ့ မိသားစု ဘဝတခုကို ပိုင်ဆိုင်ထားပါတယ်။ ကောင်းကောင်းက တေးသီချင်း သီဆိုရုံတင်မက သီချင်းရေးတဲ့ နေရာမှာလည်း ပရိသတ် အားပေးမှုများ ရရှိထားတဲ့ တေးရေး တေးဆို တယောက်ဖြစ်ပြီး Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ်ရဲ့ အားပေးလက်ခံမှုကို ရရှိလာတဲ့သူ တယောက်လည်းဖြစ်ပါတယ်။