မင်းသမီး Gal Gadot ဟာ ကျူးဘားသမ္မတဟောင်း Fidel Castro နဲ့ ဂျာနယ်လစ် Lisa Howard တို့ရဲ့ ဆက်ဆံရေး အကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်ကို ထုတ်လုပ်မယ့်အပြင် သူကိုယ်တိုင်လည်း သရုပ်ဆောင်နိုင်ချေ ရှိတယ်လို့ သိရပါတယ်။
“My Dearest Fidel” လို့ အမည်ရတဲ့ ရုပ်ရှင်ဟာဆိုရင်တော့ စာရေးဆရာ Peter Kornbluh ရဲ့ “My Dearest Fidel: A Journalist’s Secret Liaison with Fidel Castro” ဆိုတဲ့ ဆောင်းပါးကို အခြေခံပြီး ဇာတ်အိမ်တည် ရိုက်ကူးမှာ ဖြစ်ပါတယ်။ ပြီးတော့ ၁၉၆၂ ခုနှစ် ကျူးဘား ဒုံးကျည်ပဋိပက္ခ နောက်ပိုင်း အမေရိကန်နဲ့ ကျူးဘားခေါင်းဆောင်တို့ကြား ဆက်ဆံရေးကို ပြန်လည်ညှိနှိုင်းတဲ့နေရာမှာ ဘယ်လိုကူညီခဲ့တယ် ဆိုတာနဲ့ ကွယ်လွန်သူ စစ်အာဏာရှင်ကြီး Castro နဲ့ ဂျာနယ်လစ် Howard တို့ရဲ့ ဆက်ဆံရေးကို ဇာတ်အိမ်တည်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ ရုပ်ရှင်ကို Chris Brancato က ဇာတ်ညွှန်းရေးသားပေးမှာ ဖြစ်ပြီး မင်းသမီး Gadot ရဲ့ ထုတ်လုပ်ရေး ကုမ္ပဏီ အသစ် Kroll & Co. Entertainment လက်အောက်မှာ Sue Kroll က ပူးတွဲထုတ်လုပ်မှာ ဖြစ်ပါတယ်။
Wonder Woman စတား မင်းသမီး Gadot က “Peter ရဲ့ ဆောင်းပါးကို ကျမ ပထမဆုံး ဖတ်လိုက်ရတဲ့အချိန်မှာ အဆင့်မြင့်ပြီး တကယ့်လက်တွေ့ဘဝ ဒရာမာ အချိုးအကွေ့ထဲက ရှုပ်ထွေးပြီး ထူးခြားဆန်းကြယ်လွန်းတဲ့ အမျိုးသမီး တယောက်ရဲ့ ထိတ်လန့်ဖွယ် ဖော်ပြထားချက်ကို ကျမ မြင်တွေ့လိုက်ရပါတယ်။ Lisa Howard ရဲ့ ဇာတ်လမ်းကို ဖန်တီးမှုအား ကောင်းကောင်းနဲ့ ပြန်ပြောပြတဲ့နေရာမှာ ကျမ ပါဝင်မှဖြစ်မယ် ဆိုတာကို ချက်ချင်း သိလိုက်ပြီးတော့ Sue နဲ့ အတူ ရုပ်ရှင်ကို ထုတ်လုပ်ဖို့ စိတ်လှုပ်ရှားခဲ့မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref ; aceshowbiz