လူမျိုးရေး ခွဲခြားမှုတွေကို မှတ်တမ်း ရုပ်ရှင်ဆန်ဆန် ရိုက်ကူးထားတဲ့ Sami Blood ရုပ်ရှင်
ဒီတခါမှာတော့ IMDB rating (7.4) ရရှိထားပြီး ဒါရိုက်တာ Amanda Kernell ရိုက်ကူးထားတဲ့ Sami Blood ဆိုတဲ့ ဇာတ်ကားကောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိက သရုပ်ဆောင် မင်းသမီးဖြစ်သူ Lene Cecilia Sparrok ရဲ့ သဘာဝကျပြီး ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ၁၉၃၀ ခုနှစ်တွေရဲ့ လူမျိုးရေးခွဲခြားမှုဝါဒတွေကြားထဲမှာ sami သွေးရောတဲ့ ၁၄ နှစ်အရွယ် အရပ်ပုပု ခန္ဓာကိုယ် တုတ်တုတ်နဲ့ တိုင်းရင်းသူ ကောင်မလေး Elle Marja ဟာ သူမရဲ့ လက်ရှိဘဝကနေ ရုန်းထွက်ပြီး ဘဝသစ် တခုကို ပြောင်းလဲဖို့ မျှော်လင့်နေသူ တယောက် ဖြစ်ပါတယ်။
အဲဒီခေတ် ကာလတွေမှာ sami သွေးပါတဲ့သူတွေဟာ နှိမ့်ချဆက်ဆံခံခဲ့ရတဲ့ အချိန်ကာလတွေပဲဖြစ်ပြီး အရိုးစွဲနေတဲ့ လူမျိုးရေး ဝါဒတွေကို Elle Marja ဟာ သူ့နည်းသူ့ဟန်နဲ့ ဆန့်ကျင့်ဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ရှေးရိုးစွဲ မိဘတွေရဲ့ သမားရိုးကျ အယူအဆတွေကို တွန်းလှန်ပြီး သူမဖြစ်ချင်တဲ့ ဘဝသစ်တခုကို ရရှိနိုင်မှာလားဆိုတာကို ဒီဇာတ်လမ်းကို ဆက်လက်ကြည့်ရှုကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။
ဒီဇာတ်ကားဟာ ဇာတ်လမ်းသဘောကို ပြောပြလိုက်တဲ့အခါ ကြည့်ရှုသူတွေ Spoil ဖြစ်မှာ စိုးတဲ့အတွက်ကြောင့် ဇာတ်ကားကို ကိုယ်တိုင်ကြည့်ရှုကြည့်ဖို့ ထပ်မံတိုက်တွန်းချင်ပါတယ်။ မှတ်တမ်း ရုပ်ရှင်ဆန်ဆန် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ နိုင်ငံတကာက ရုပ်ရှင်ပြပွဲတွေမှာ ဆုတွေ အမြောက်အမြား ရယူနိုင်ခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပြီး ရုပ်ရှင် ဝေဖန်ရေးသမား အများစု ချီးကျူးအားပေးခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ ဝတ္ထုရေးသူ အနေနဲ့ရော ရိုက်ကူးရေး ဒါရိုက်တာ အဖြစ်ပါ တာဝန်ယူထားတဲ့ ဒါရိုက်တာ Amanda Kernell ဟာ ဒီဇာတ်ကားနဲ့ပဲ Fargo Film Festival မှာ ဇာတ်ညွှန်းဆုကို ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာတော့ အကောင်းဆုံး အမျိုးသမီးဆုအဖြစ် Lene Cecilia Sparrok ရရှိခဲ့တာကြောင့် ရုပ်ရှင် ချစ်သူတွေအတွက် ဇာတ်ကားကောင်း တကားအနေနဲ့ ညွှန်းဆိုပေးလိုက်ပါတယ်။