Entertainment

ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ကို မုဒိမ်းမှုဖြင့် စွဲချက်တင်မည်

ဟောလိဝုဒ် နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ဟာ မေလ ၂၅ ရက်နေ့၊ ရဲစခန်းမှာ လာရောက် အဖမ်းခံမယ် ဆိုရင် နယူးယောက်မြို့မှာ သူ့ကို မုဒိမ်းမှုနဲ့ တရားစွဲခံရမှာ ဖြစ်တယ်လို့ ဥပဒေစိုးမိုးရေး အရာရှိတွေက ပြောကြားလိုက်ပါတယ်။

ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးတွေက သူတို့အပေါ် အသက် ၆၆ နှစ်အရွယ် ရုပ်ရှင်ထုတ်လုပ်သူ Harvey က လိင်ပိုင်းဆိုင်ရာ အနှောက်အယှက် ပေးခံခဲ့ကြောင်း စွပ်စွဲထားပြီး မေ ၂၅ ရက်မှာတော့ Manhattan ဒေသက ရဲလက်ထဲ Harvey ကို အပ်နှံမှာလည်း ဖြစ်ပါတယ်။ အမျိုးသမီး တဦးကို မုဒိမ်းကျင့်ခဲ့မှု၊ အခြားအမျိုးသမီးကို ပါးစပ်ဖြင့် လိင်ဆက်ဆံစေရန် တွန်းအားပေးမှု စွဲချက်တွေနဲ့ Harvey က အမှု ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နယူးယောက်တိုင်းမ် သတင်းစာရဲ့ အဆိုအရ အမည်မဖော်လို သူတဦးနဲ့ အခြေအနေကို ပြောဆိုခဲ့တဲ့ တာဝန်ရှိသူတွေက Harvey ဟာ အမှုတခုတည်းမှာပဲ ပထမအဆင့် မုဒိမ်းမှုနဲ့ တတိယအဆင့် မုဒိမ်းမှုတို့နဲ့ စွဲချက်တင်ခံရမယ့်အပြင် တခြားအမှုတခုမှာလည်း ပထမအဆင့် ရာဇဝတ်မှုမြောက်သော လိင်အကြမ်းဖက်မှု နဲ့စွဲချက်တင်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မုဒိမ်းမှုအတွက် မုဒိမ်းကျင့်ခံခဲ့ရသူကို တရားဝင် ဖော်ပြထားခြင်းမရှိပေမယ့် ရုံးခန်းတခုမှာ ပါးစပ်နဲ့ လိင်ဆက်ဆံရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရတဲ့ Lucia Evans ဆိုသူကတော့ ရာဇဝတ်မှုမြောက်သော လိင်အကြမ်းဖက်မှုမှာ တရားလို ဖြစ်ပါတယ်။

နယူးယောက်ခ်တိုင်းမ် သတင်းစာကတော့ Harvey ဟာ မေလ ၂၅ ရက်နေ့၊ ရဲစခန်းမှာ လာရောက် အဖမ်းခံဖို့ သဘော တူခဲ့ပြီး အဲဒီကနေ အမှုစွဲချက်တွေနဲ့ Manhattan ရာဇဝတ်တရားရုံးကို ပေးပို့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ အာမခံ ရဖို့အမေရိကန် ဒေါ်လာ ၁ သန်းကိုလည်း ပြင်ဆင်ထားတယ်လို့ဆိုပြီး စောင့်ကြည့်ကိရိယာကို ဝတ်ဆင်မယ်လို့ သဘော တူထားတဲ့အပြင် နိုင်ငံတွင်းကနေ ထွက်မသွားနိုင်အောင်လို့ နိုင်ငံကူးလက်မှတ်ကိုလည်း အပ်ထားလိုက်တယ်လို့ ဆိုပါတယ်။

အခုလိုမျိုး ရုပ်ရှင်ထုတ်လုပ်သူ Harvey က နယူးယောက်မြို့မှာ FBI ရဲ့ စစ်ဆေးမှုကို ခံနေရတယ်လို့ သတင်းထွက်ပေါ် ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာပဲ အခုလိုမျိုး စွဲချက်တင်မယ့် သတင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရ ရှေ့နေရုံးကတော့ ရုပ်ရှင်ထုတ်လုပ်သူကြီးဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သလား ဆိုတာကို မသိရှိခဲ့ရသေးဘူးလို့ ဆိုထားပါတယ်။

Harvey ရဲ့ ရှေ့နေ Benjamin Brafman ကတော့ အဲဒီပြောဆိုချက်တွေကို အတည်ပြုဖို့ ငြင်းဆိုထားပါတယ်။ အခုလိုမျိုး သူ့အပေါ် စွပ်စွဲထားကြတဲ့ အမျိုးသမီး ၆ဝ ထဲမှာ Cara Delevingne, Eva Green, Daryl Hannah, Salma Hayek, Gwyneth Paltrow နဲ့ Kate Beckinsale တို့လိုမျိုး နာမည်ကျော် မင်းသမီးတွေ ပါဝင်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – Harvey Weinstein ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုခံခဲ့ရတယ်လို့ မင်းသမီး Cate Blanchett ပြော

Harvey Weinstein လိင်အရှုပ်တော်ပုံအကြောင်း ရုပ်ရှင်ရိုက်ကူးမည်

Ref: contactmusic

Loading