ဒါရိုက်တာ Danny Boyle နဲ့ မင်းသား Daniel Craig တို့ဟာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှာ ဖြန့်ချိမယ့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်သစ်မှာ ပါဝင်ကြမယ်လို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
Universal Pictures ရုပ်ရှင်ထုတ်လုပ်ရေးဟာလည်း ဂျိမ်းစ်ဘွန်း ၂၅ ကားမြောက် ရုပ်ရှင်ကို နိုင်ငံတကာမှာ ဖြန့်ချိဖို့ မူပိုင်ခွင့်ကိုလည်း ရရှိသွားပါတယ်။ အဒီရုပ်ရှင်မှာဆိုရင်တော့ မင်းသား Craig ဟာ လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့် ဘွန်းအဖြစ် ၅ ကြိမ်မြောက် သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။
EON Productions မှ Michael G Wilson နဲ့ Barbara Broccoli တို့က “အရမ်းကိုပဲ ထူးချွန်မြောင်မြောက်တဲ့ Danny Boyle က ၂၅ ခုမြောက် နောက်ဆက်တွဲ ဇာတ်လမ်းမှာ ဂျိမ်းစ်ဘွန်းအဖြစ် ငါးကြိမ်မြောက် ပါဝင်လာမယ့် Daniel Craig ကို ရိုက်ကူးပေးသွားတော့မှာ ဖြစ်တယ်လို့ ဝမ်းမြောက်စွာ ကြေညာလို ပါတယ်။ လာမယ့် ဒီဇင်ဘာမှာ ဆိုရင်တော့ MGM မှာ ရှိတဲ့ ကျနော်တို့ရဲ့ မိတ်ဆွေတွေနဲ့အတူ လာမယ့် ဒီဇင်ဘာလ၊ Pinewood Studios စတူဒီယိုမှာ Bond 25 ကို ရိုက်ကူး တော့မှာ ဖြစ်ပါတယ်။ Universal ကလည်း ကျနော်တို့ရဲ့ နိုင်ငံတကာ ဖြန့်ချိသူ ဖြစ်လာမှာပါ” လို့ Deadline မီဒီယာကို ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြသမယ့် အဲဒီရုပ်ရှင်ထုတ်လုပ်ရေးကိုတော့ အခုလာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့မှာစတင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လမှာပဲ ဒါရိုက်တာ Boyle က Bond 25 ဇာတ်ညွှန်းအတွက် ပြင်ဆင်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သူက “ကျနော်တို့အခု ဇာတ်ညွှန်းအတွက် အလုပ်လုပ်နေပါပြီ။ ကျနော်အခုအချိန်မှာတော့ Richard Curtis နဲ့ အလုပ်လုပ်နေပါတယ်။ သီတင်း ၆ ပတ်နဲ့ ၇ ပတ်ကြားမှာ ရိုက်ကူးရေးစတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Bond က အခုနှစ်ကုန်ပိုင်းမှာ စတင်မှာဖြစ် ပေမယ့် ကျနော်တို့က အခုတကည်းက သူတို့နဲ့အတူ အလုပ်လုပ်နေရပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
“Bond 25” ဟာ မင်းသား Craig အတွက် လျှို့ဝှက်အေးဂျင့် 007 အဖြစ် နောက်ဆုံး ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။
Ref: contactmusic