Entertainment

Miss Universe Myanmar 2018 ရန်ကုန်ကိုယ်စားပြု ဝင်ပြိုင်မယ့် အလှမယ် နိုနိုကေနဲ့ တွေ့ဆုံခြင်း

Miss ပြိုင်ပွဲတော်တော်များများမှာ Title ဆုများစွာ ရရှိခဲ့ပြီး အတွေ့အကြုံတွေများရှိတဲ့ မော်ဒယ်တယောက်ဖြစ်တဲ့ နိုနိုကေက ယခုနှစ်အတွက် Miss Universe Myanmar ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

နိုနိုကေက အနုပညာလောကကို ဝင်ရောက်လာတာ ကြာမြင့်ပြီဖြစ်ပေမယ့် အခုချိန်ထိ ပရိသတ်အားပေးမှုရရှိအောင် ကြိုးစားနေသူ တဦးပါ။  ဝင်ပြိုင်ခဲ့တဲ့ Miss ပြိုင်ပွဲတိုင်းမှာ အမြဲတမ်းလိုလို ဆုတခုခု ရရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ နိုနိုကေကို ဒီနှစ်  Miss Universe Myanmar ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပုံနဲ့ သူမရဲ့ အားသာချက်အားနည်းချက်များနဲ့ ပတ်သက်ပြီး ဧရာဝတီရဲ့ သတင်းထောက် ယုဖြူဟန်က အခုလိုပဲ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။   ။Miss Universe Myanmar ပြိုင်ပွဲကို ဝင်ရောက်ပြိုင်ဖြစ်ခဲ့ပုံ ပြောပြပေးပါ။

ဖြေ။   ။ Miss Universe ဆိုတာ ညီမ Miss ပြိုင်ပွဲတွေစပြိုင်တဲ့ ၂၀၀၉ ခုနှစ်ကတည်းက Miss Universe အကြောင်းကို အခွေကနေ တဆင့်လေ့လာတယ်။ Catwalk ပိုင်းဆိုင်ရာကို လေ့လာတယ်။ အရင်ကတည်းက Miss Universe တယောက်ဖြစ်ချင်တဲ့ အိမ်မက်က အခုချိန်မှာဆိုရင် ပထမဆုံးခြေလှမ်းလို့ ပြောလို့ရတယ်ပေါ့။

အရင်ကတခြားပြိုင်ပွဲတွေကို ဦးစားပေးဖြစ်တယ်။ Miss Universe ပြိုင်ပွဲက အများကြီးပြင်ဆင်ဖို့လိုတယ်လို့ ယုံကြည်တယ်။ နံပါတ် ၂အချက်က အတွေ့အကြုံတွေ အများကြီးလိုဦးမယ်ထင်လို့ တခြားပွဲတွေကို အရင်ဆုံး ဦးစားပေးပြီးတော့ ပြိုင်ဖြစ်တယ်။ အဲဒီတွေကနေ အတွေ့အကြုံရလောက်ပြီ အခုဆိုရင်အဆင်ပြေလောက်ပြီ ထင်တော့မှ ဒီပွဲကို ဒီနှစ်မှာ ရန်ကုန်ကိုယ်စားပြုအနေနဲ့ ပြိုင်တာပါ။

မေး။  ။အရှေ့မှာလည်း ပွဲတွေအများကြီးမှာ ဝင်ပြိုင်ခဲ့ပြီးပြီဆိုတော့ အခုချိန်မှာ ယုံကြည်ချက်တွေရှိနေပြီလို့  ပြောလို့ရမလား။

ဖြေ။   ။ ယုံကြည်ချက်ကတော့ ၁၀၀ ရာခိုင်နှုန်းပါပဲ။ ပြိုင်ပွဲကြီး မစခင်ကတော့ အဲဒီလိုမျိုးပါပဲ။ ကိုယ့်ကိုယ်ကိုယ်တော့ ယုံကြည်မှုရှိအောင်လို့တော့ ပြင်ဆင်ထားရတာပေါ့။ Body ၊ Beauty ၊ Brain သုံးချက်ပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်လို့ မနည်းကြိုးစားပြင်ဆင်ထားရပါတယ်။ ပြီးတော့ အကောင်းမြင်စိတ်တွေ အများကြီးရှိအောင်လို့ စာအုပ်တွေ အများကြီးဖတ်ပြီး ပြင်ဆင်ထားပါတယ်။

မေး။    ။ အဓိကက ကိုယ့်ရဲ့အားသာချက်ဆိုရင် ဘာများဖြစ်မလဲ။

ဖြေ။    ။ ညီမရဲ့ အားသာချက်ကတော့ အပြုံးပါပဲ။ Talent ပိုင်းမှာဆိုရင် ညီမ တယောထိုးနိုင်တာပေါ့။

မေး။    ။တခြားပြင်ဆင်ထားတဲ့အပိုင်းတွေကရော။

ဖြေ။   ။ တခြားကတော့ Body ပိုင်းပေါ့။ Body Building ကို ၂နှစ်လောက်အချိန်ယူပြီးလုပ်ရတယ်။ ဒီပြိုင်ပွဲ အတွက်ကိုပေါ့။ အလှအပဆိုင်ရာအတွက်လည်း ၂နှစ်လောက် အချိန်ယူခဲ့တယ်။ အားလုံး ၂နှစ် အချိန်ယူပြီးတော့  ပြင်ဆင်ရတဲ့အတွက် ဒီပွဲက ညီမအတွက် စိတ်ခေါ်မှုအများဆုံးရှိတဲ့ ပွဲလို့ပြောလို့ရတယ်။

မေး။  ။ဒီနှစ်ပြိုင်ပွဲမှာဆိုရင် ပြိုင်ဘက်ကောင်းတွေ အများကြီးပါလာတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ။    ။အမရာနဲ့က အရင်ပွဲကတည်းကလည်း သူငယ်ချင်းပါပဲ။ အခုဒီပွဲမှာဆုံတယ်ဆိုတော့ အရမ်းပျော်ပါတယ်။ ပြိုင်ပွဲ လို့ကို သဘောမထားပါဘူး။ အတူတူပါဝင်ပြီးတော့ ဆင်နွှဲကြတယ်လို့ သဘောထားပါတယ်။ ပြိုင်ပွဲပြီးတဲ့ အခါမှာ လည်း သူငယ်ချင်းတွေ အများကြီးရနိုင်လာတာပဲလေ။ ညီမအတွက်က Miss Universe ဆိုတာ ပြိုင်ပွဲထက်စာရင် မြန်မာနိုင်ငံ ကိုယ်စားပြု ရန်ကုန်ကိုယ်စားပြုအနေနဲ့ ပါဝင်ဆင်နွှဲကြတယ်လို့ မြင်ပါတယ်။

မေး။    ။ပြိုင်ပွဲအတွက် ဘယ်လောက်ထိ မျှော်မှန်းထားလဲ။

ဖြေ။  ။ အကောင်းဆုံးပေါ့။ ညီမကျော်ဖြတ်ရတဲ့ နေ့ရက်တရက်ဆီတိုင်းကို အကောင်းဆုံး အပြည့်စုံဆုံး Perfect ဖြစ်ဆုံးလုပ်နိုင်ရင် Final မှာ အကောင်းဆုံးအဖြေထွက်လာမယ်လို့ ယုံကြည်တယ်။

မေး။   ။အစ်မဖြစ်သူ ဂျူးဂျူးကေကရော ဘယ်လောက်ထိပံ့ပိုးပေးလဲ။

ဖြေ။   ။အစ်မက ညီမ မော်ဒယ်စလုပ်ကတည်းက Catwalk ပိုင်းဆိုင်ရာတွေ Post တွေသေချာသင်ပေးထားတယ်။ အခုဆိုရင် Catwalk ဆိုရင် ဆရာအောင်ပိုင်နဲ့ လေ့ကျင့် နေတယ်။ Body Building ဆိုရင် Balance မှာတော့နေတယ်။

အမက တခြားပွဲတွေကတည်းက အကြံဉာဏ်တွေ ပေးထားတယ်။ ဒီပွဲမှာကျတော့ ညီမဘာသာ အစအဆုံး  အကုန်လုံး အဖေ အမေတွေကိုလည်း ဘာမှမလုပ်ခိုင်းဘူး။ ကိုယ်တယောက်တည်း အစအဆုံးလုပ်ရတဲ့အတွက် စိန်ခေါ်မှု အကြီးကြီးပါပဲ။

မေး။   ။ကိုယ့်ကိုကိုယ် ရင့်ကျက်သွားတယ်လို့ရော ထင်မိလား။

ဖြေ။   ။ဟုတ်ပါတယ်။ ညီမ လွတ်လွတ်လပ်လပ် ဖြစ်ချင်လို့လည်းပါမယ်။ စာအုပ်တွေ အများဖတ်တာကြောင့်လည်း  ပါမယ်။ ဒါကြောင့်ပါ။

မေး။   ။ အရှေ့မှာ ပြိုင်ခဲ့တဲ့ပြိုင်ပွဲလေးတွေအကြောင်းလည်း ပြောပြပေးပါဦး။

ဖြေ။   ။၂၀၀၉ ခုနှစ် ကစပြိုင်တယ်။ Miss Chrismas ဆုရတယ်။ Miss Enviroment ဆုရရှိခဲ့တယ်။ ပြီးတော့ Queen Oramin F  ၂၀၁၀ ခုနှစ်မှာဆိုရင် Best Completion ဆု ၊ Miss Tourism မှာဆိုရင် Best Photogenic နဲ့ Best Costume ရတယ်။ Face Of Myanmar မှာလည်း ဆုရရှိခဲ့တယ်။ မနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar World မှာလည်း Best Talent ဆု၊ ၂၀၁၇ မလေးရှားမှာသွားပြိုင်ရတဲ့ Miss China ပွဲမှာ မြန်မာကိုယ်စားပြုပြိုင်ရတာ Top 5 ပါခဲ့ပါတယ်။

မေး။   ။ ဒီလိုမျိုး ဆုတွေလည်း ရရှိခဲ့တဲ့ သူတယောက်အနေနဲ့ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ရတဲ့အခါ စိတ်ဖိစီးမှုရှိလား။

ဖြေ။   ။အရင်တုန်းကျတော့ အဖေ အမေတွေက အကုန်လိုက်လုပ်ပေးရင်းနဲ့ကကို ကိုယ့်ဘာသာကိုယ် ကြံဖန်ပြီးတော့ စိတ်ပူတာ အခုကျတော့ မပြိုင်ခင်ကတည်းက ကိုယ့်ဘာသာပြင်ဆင်တယ်။ အဖေ အမေတွေကလည်း ပြောတယ်။ နင့်ဘာသာ လုပ်နိုင်ရင်လုပ် ငါတို့ဘာမ ှမပြောဘူးပေါ့။ အဲဒီတော့ တယောက်တည်း ကြိုးစားကြည့်မယ်ပေါ့။

အဲဒီမတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားရတယ်။ အခုက Miss Universe ပွဲတခုတည်းကိုပဲ Focus ထားတာ မဟုတ်ဘဲ တယောပွဲရော ၊တယောသင်တန်းရော ၊ ပရဟိတ အဲဒီ ၃ခုလုံးကို တပြိုင်တည်းလုပ်ရတာ ဖြစ်တဲ့အတွက် ၂ဆ ၃ဆ အားစိုက်ထားရပါတယ်။ အရင်ကပြိုင်ပွဲတွေဆို ပွဲတခုတည်းကို အာရုံစိုက်တယ်။ အခုကျတော့ ၄ မျိုးစလုံးကို အားစိုက်ထားရတယ်။

မေး။  ။တခြားအနုပညာလှုပ်ရှားမှုအနေနဲ့ရော ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ။  ။ ညီမ တယောပွဲလေးတွေ လက်ခံထားပါတယ်။ တယောသင်တန်းလည်းဖွင့်ထားတယ်။ ကလေးတွေအတွက် Basic 1 သင်တန်းလေးပါ။ နောက်ပြီးတော့ ပရဟိတလုပ်ငန်း မျက်မမြင်တွေကို စာဖတ်အသံသွင်းလှူတာ ပြုလုပ်နေပါတယ်။ နောက်ပိုင်း မိဘမဲ့ကလေးတွေကို သူတို့တွေရဲ့ ပင်ကိုယ် ဗီဇ ဝါသနာ ပေါ်ထွက်လာနိုင်ရေး အတွက် အနုပညာပိုင်းဆိုင်ရာ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ် ၂ခုစလုံးရဲ့ ကျွမ်းကျင်တဲ့ဆရာတွေကို ဖိတ်ခေါ်ပြီးတော့ သူတို့ကျောင်းတွေကို သွားပြီး သင်ကြားပေးဖို့ရှိပါတယ်။

မေး။  ။ဘာများထပ်မံဖြည့်စွက်ပြီး ပြောချင်ပါသလဲ။

ဖြေ။  ။ညီမ နိုနိုကေကို ၂၀၀၉ကတည်းက စပြီးအားပေးလာကြတဲ့ ပရိသတ်များအားလုံးကို ကျေးဇူးတင်ပါတယ်။ နိုနိုကေဆိုတဲ့ နာမည်သေးသေးလေးကို ဖြစ်လာအောင်လုပ်ပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခု Miss Universe Myanmar မှာလည်း အားပေးကြပါဦးလို့။။

Loading