ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးထားတဲ့ “လက်စားချေ နတ်သမီး”ရုပ်ရှင်ကားကြီးကို မေလ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ Capital Hyper Maket မှာရှိတဲ့ Mega Ace ရုပ်ရှင်ရုံမှာ “ရီမာ မိဘမဲ့ဂေဟာ”က ကလေးများကို ခေါ်ယူပြီး အလှူတခု အနေနဲ့ ပြသခဲ့ပါတယ်။
အဆိုပါ “လက်စားချေ နတ်သမီး”ရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင် ဖြိုးငွေစိုး၊ သြဘာ၊ ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့်၊ နန်းဆုဦးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“Press Show မတိုင်ခင် အ လှူတခု၊ ကောင်းမှု ကုသိုလ်လေးတခု လုပ်ချင်လို့ တိုင်ပင်ပြီး လုပ်ဖြစ်ကြတာပါ။ ဦးဦးဖျားဖျား Press Show တောင် မလုပ်ရသေးတဲ့ ကားကို တခြား အလှူအစီအစဉ်တွေနဲ့ တွဲပြီး ကလေးတွေကို ပြဖြစ်တာပါ “လို့ မိဘမဲ့ ကလေးများကို ရုပ်ရှင်ပြသ လှူဒါန်းခဲ့တာနဲ့ ပတ်သတ်ပြီး ဇာတ်ကားထုတ်လုပ်သူ၊ The One ထုတ်လုပ်ရေးပိုင်ရှင် မနှင်းနွယ်ဦးက ဧရာဝတီကို ပြောပါတယ်။
ရီမာ မိဘမဲ့ဂေဟာက ကလေးအယောက် ၇၀ လာရောက်ကြည့်ရှုခဲ့ကြပြီး ကလေးများကို အရုပ်၊ အာဟာရ ဒါနများလည်း ပေးလှူ ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သတ်လို့ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်တဲ့ မင်းသားသြဘာကလည်း “ကျနော်တို့က ရုပ်ရှင်ပြဖို့ လှမ်းဆက်သွယ်တဲ့ အချိန်မှာ ကလေးတွေက မျက်ရည်ပါ ကျပြီးတော့ အိပ်လို့တောင် မပျော် တော့ဘူးတဲ့။ ကျနော်တို့ ထုတ်ဝေသူကလည်း ဒီကလေးတွေ ရုပ်ရှင်တခါမှ မကြည့်ဖူးဘူးဆိုတာကို သိသွားလို့ ပြသ ပေးခဲ့တာပါ” လို့ ဆိုပါတယ်။
ဆက်လက်ပြီး သူက “ပြီးတော့ ဒီကား Press Show မပြခင် အိပ်မက်မက်တယ်။ သားတို့လည်း ကြည့်ချင်တယ်။ သားတို့လည်း ကြည့်ချင်တယ် လို့ ပြောတာကို အိပ်မက်မက်လို့ မိဘမဲ့ ကလေးကျောင်းတွေ လိုက်ရှာရင်းနဲ့ ရီမာ မိဘမဲ့ကျောင်းကို တွေ့ပြီး ခုလို လှူဖြစ်တာပါ”လို့ ပြောပါတယ်။
“ဒီဇာတ်ကားမှာ မြှုပ်ကွက်တွေ အများကြီး ရှိပါတယ်။ဘယ်သူက ဘယ်သူ့ကို လက်စားချေတယ် ဆိုတာကို ပရိသတ် ဇာတ်ကား အဆုံးထိ ကြည့်ရင် တွေ့ရမှာပါ။ ဝါရင့်တွေနဲ့ ရိုက်ရတော့ ရှိန်နေပြီး အခန်း တခန်းကို ၅ နာရီ၊ ၆ နာရီကြာအောင် ရိုက်ခဲ့ရပါတယ်။ တကယ်တော့ ဒီကားက ဒုတိယမြောက် ရုံတင်ကား ဆိုပေမယ့် ကျနော့်အတွက် ပထမဆုံး၊ အတွေ့အကြုံ လုံးဝ မရှိတဲ့ကားပါ။
ပရိသတ်တွေကြည့်ရင်လည်း တွေ့ရမှာပါ။ ကျနော် ကိုယ်တိုင်လည်း အားနည်းချက်တွေ အများကြီး တွေ့ရပေမယ့် အသစ်တယောက်အနေနဲ့ နားလည်ပေးပါလို့။ ခွင့်လွှတ် ပေးစေချင် ပါတယ်” လို့ သြဘာက ဆိုပါတယ်။
“လက်စားချေ နတ်သမီး”ဇာတ်ကားကို ဇွန်လ၂ ရက်နေ့မှာ မီဒီယာများနဲ့ စတင်မိတ်ဆက်ပေးမယ်လို့ သိရပြီး ရုပ်ရှင်ကားကို ဇွန်လအတွင်း ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။