Entertainment

ရုပ်ရှင်ဇာတ်ဝင်တေးသီချင်း သီဆိုထားတဲ့ အဆိုတော် ဘီလီလမင်းအေး

Myanmar Idol Season2 ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်တဦးဖြစ်သူ အဆိုတော် ဘီလီလမင်းအေးက မကြာခင်ရုံတင် ပြသမယ့် “ငါ့ကိုနမ်းတဲ့ မုန်တိုင်း “ရုပ်ရှင်ကားကြီးထဲမှာ ဇာတ်ဝင်တေးသီချင်း ပါဝင်သီဆိုထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ထုတ်လုပ်သူက ဒီဇာတ်ကားမှာ ဇာတ်ဝင်တေးတပုဒ်လောက် ဆိုပေးပါလား ဆိုတာနဲ့ ဆိုဖြစ်သွားတာ။ ဆိုဖူးတာကလည်း ပထမဆုံး ဇာတ်ဝင်တေးပါပဲ။ ငါ့ကိုနမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ကားထဲက သီချင်းလေးကို သဘောကျလို့ ဆိုဖြစ်သွားတာပါ” လို့ ဘီလီလမင်းအေးက ဧရာဝတီကို ဆိုပါတယ်။
ဘီလီလမင်းအေးက လတ်တလောမှာ Music Video များလည်း ရိုက်ကူးနေပြီး ရိုက်ကူးဖြစ်တဲ့ ဇွန်လ ၁ ရက်နေ့မှာလည်း အင်တာနက်ကနေ Music Video တပုဒ် တင်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဘီလီလမင်းအေးက Myanmar Idol ပြိုင်ပွဲ ဝင်မပြိုင်ခင် မူကြိုဆရာမအဖြစ် ရပ်တည်ခဲ့သူတဦးပါ။ အရင်က လုပ်ခဲ့ဖူးတဲ့ ပညာရေးပိုင်းနဲ့ပတ်သက်ပြီး ဆရာမပြန်လုပ်ဖို့ အစီအစဉ်နဲ့ပတ်သတ်ပြီးလည်း အခုလိုဆိုပါတယ်။

“ဆရာမအလုပ်ကတော့ လုံးဝ မလုပ်ဖြစ်တော့တာတော့ မဟုတ်ဘူး။ ဒီလိုင်းကိုတော့ ဖူး ပြန်သွားဦးမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Professional ပြီးထားတဲ့ အလုပ်ကလည်း ဒီ Teaching ဖြစ်နေတဲ့အတွက်ကြောင့်မို့ ဖူး နောက်ပိုင်းမှာ Education နဲ့ပတ်သက်ပြီး လုပ်ဦးမှာပါ။ အခုအချိန်မှာတော့ သီချင်းအပြင်တော့ တခြား ဘာမှမလုပ်ဖြစ်ဘူး။ ဖူး အားတဲ့ အချိန်တွေမှာ Piano ပြန်တီးဖြစ်တယ်။ ညီမလေးနဲ့ သီချင်းတွေ ကျင့်တယ်။ဒီလောက်ပါပဲ” လို့ ဆိုပါတယ်။

မကြာခင် ကျင်းပတော့မယ့် Myanmar Idol သီချင်းဆိုပြိုင်ပွဲနဲ့လည်း ပတ်သတ်ပြီး ဘီလီလမင်းအေးက ဒီနှစ်ယှဉ်ပြိုင် ကြမယ့် ပြိုင်ပွဲဝင်အသစ်များကို အခုလိုဆိုပါတယ်။

“ဒီ Myanmar Idol က အရမ်းကိုခက်ခဲတဲ့ အဆင့်တွေ အများကြီးကြုံရပါမယ်လို့နော်။ စိတ်ပိုင်းဆိုင်ရာကအစ ဘယ်အရာ ကမှ လွယ်ကူတာ မရှိပါဘူးနော်။ ကိုယ်သည် လှေခါးထစ်တွေ အများကြီးကို တက်နေတဲ့ လူတယောက်ဆိုတော့ လှေခါးထစ်တိုင်းမှာ အခက်အခဲဆိုတာရှိပါတယ်။ တက်လိုက်တဲ့လှေခါးထစ်ထဲမှာ သေသေချာချာ မလုပ်ထားဘူး ချွတ်ချော် သွားမယ်ဆိုရင် ဒီအဆင့်ကနေ ပြန်ပြုတ်ကျသွားနိုင်တယ်။ ကိုယ်တက်ရမယ့် လှေခါးထစ်တိုင်းကို ကြိုးစားပါ။ ကိုယ်တက်ရမယ့် မိနစ်တိုင်းသည် အားလုံး တန်ဖိုးရှိပါတယ်။ အာရုံစိုက်ပြီး သေချာလုပ်ဖို့ပဲ ပြောချင်ပါတယ်”လို့ ဘီလီလမင်းအေးက ပြောပါတယ်။

ဘီလီလမင်းအေးက Myanmar Idol Season2 ပြိုင်ပွဲ ယှဉ်ပြိုင်စဉ်တုန်းက ပြိုင်ပွဲဝင်များကြားနဲ့ ပရိသတ်များကြား အပြင်းအထန် ဝေဖန်မှုများ ခံခဲ့ရတဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။

Loading