စာရေးသူအနေနဲ့ အမှန်တိုင်းပြောရရင် ဒီရုပ်ရှင်ကား ပိုစတာနဲ့ နမူနာကို ကြည့်ခဲ့ရစဉ်က သွားကြည့်သင့်တဲ့ ရုပ်ရှင်ဆိုပြီး အတွေး မဖြစ်ခဲ့ပါဘူး။ “ပျင်းစရာကောင်းမယ်၊ သာမန်လူတွေ နားလည်ဖို့ ခက်မယ်၊ အဲ့လို ဇာတ်လမ်းကြီးပဲ ဖြစ်နိုင်တယ်” လို့ ယူဆခဲ့မိပါတယ်။ တကယ် သွားကြည့်လိုက်မှ အဲ့လို မဟုတ်မှန်း သိခဲ့ရပါတယ်။
ဇာတ်လမ်အကျဉ်းက အင်္ဂလိပ်ခေတ်မှာ မတရားမှုပြုတဲ့သူတွေကို လိုက်လံ သတ်ဖြတ်တဲ့ “မတစ်ထောင် တစ်ကောင်ဘွား” နဲ့ အဲဒီ အမှုတွေကို ဖော်ထုတ်နိုင်ခဲ့ဲတဲ့ နိုင်ငံကျော်စုံထောက် ဆားပုလင်းနှင်းမောင်တို့ အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူး ထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုပဲ ရေးပြတာဖြစ်ပြီး ရုပ်ရှင်ထဲမှာတော့ အဲဒီထက် ပိုတဲ့ ဇာတ်အိမ်တွေနဲ့ဖွဲ့နွဲ့ ပုံဖော်ရိုက်ပြထားတာ ဖြစ်ပါတယ်။
အရင်ကတည်းက ပရိသတ်အခိုင်အမာနဲ့ အောင်မြင်ပြီးသားဖြစ်တဲ့ စာရေးဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုကို ပြန်လည် ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာရဲ့ ပုံဖော်မှု ကောင်းတာကြောင့် ဇာတ်လမ်း၊ ဇာတ်ကွက်တွေကို ခက်ခက်ခဲခဲ လိုက်မတွေး ရဘဲ နားလည်ရ လွယ်ခဲ့ပါတယ်။ စုံထောက်ကား အများစုက နားလည်ဖို့ ခက်ခဲတတ်တာကြောင့် ဒီလိုပြောရတာပါ။
ရုပ်ရှင်ရဲ့အစ ဒုတိယ အခန်းမှာ ပြသခဲ့တဲ့ ကားနံပါတ်က အရင်ခေတ်က ကားနံပါတ်ဖြစ်ပေမယ့် ဖန်တီးထားမှန်း သိသာနေတာ၊ ဇာတ်ကွက် တခုမှာ ဒီဘက်ခေတ်ရဲ့ အဲကွန်းကြီးကို မြင်လိုက်ရတာ စတဲ့ မပီပြင်မှုတွေက ဒီရုပ်ရှင်ရဲ့ ပြစ်ချက် ဖြစ်ခဲ့ရပါတယ်။ ရုပ်ရှင် ဖန်တီးတဲ့သူတွေက အင်္ဂလိပ်ခေတ်မှာ မြင်တွေ့လေ့ရှိတဲ့အတိုင်း ကြိုးစား ပြင်ဆင်ထားတာကို မြင်တွေ့ခဲ့ရပေမယ့် ထောင့်စေ့အောင် သတိမပြုမိခဲ့တဲ့ပုံပါ။
တချို့သေနတ်ပစ်ခန်းတွေမှာလည်း မပီပြင်တာကို တွေ့ခဲ့ရပါသေးတယ်။ သရုပ်ဆောင်ပိုင်းကို ပြောရရင် ဝါရင့် သရုပ်ဆောင် ကျော်ရဲအောင်ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေ၊ “မတစ်ထောင် တစ်ကောင်ဘွား” အဖြစ် အောင်ရဲလင်းရဲ့ ထင်မထားလောက်တဲ့ သရုပ်ဆောင်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဆားပုလင်းနှင်းမောင် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ထွန်းလွင်အောင်က ပြောစရာ မလိုလောက်အောင် စုံထောက်တဦး အမူအရာအတိုင်း သရုပ်ဆောင်နိုင်ခဲ့ပြီး ကျန်တဲ့ သရုပ်ဆောင်တွေကတော့ မြင်နေတွေ့နေကျ အမူအရာအတိုင်း သရုပ်ဆောင် ခဲ့ကြတာပါ။
ဇာတ်ရှိန် အမြင့်ဆုံးအခန်းထိ စိတ်ဝင်တစား ကြည့်ချင်အောင် ဒါရိုက်တာက ဆွဲခေါ်နိုင်ခဲ့ပြီး တခန်းနဲ့ တခန်းကိုလည်း အချိတ်ဆက်မိအောင် ရိုက်ပြနိုင်ခဲ့ပါတယ်။ ဒါကို အနှောက်အယှက် ဖြစ်စေခဲ့တာ ဇာတ်ဝင်တေးသီချင်း ဖြစ်တယ်လို့ ဝေဖန်ချင်ပါတယ်။
ဇာတ်လမ်းအစနဲ့ ဇာတ်လမ်းအဆုံးမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ ဇာတ်ဝင်တေးသီချင်းက ဇာတ်လမ်းတခုလုံးကို ပေါ့ပျက်ပျက် ဖြစ်သွားစေတယ်လို့ ခံစားရပါတယ်။ နောက်ခံ တေးဂီတကတော့ ဇာတ်ရှိန် အနိမ့်အမြင့်အတိုင်း လိုက်ဖက်ညီအောင် ထည့်သွင်းထားနိုင်ပါတယ်။
ခြုံပြောရရင် စုံထောက် ဇာတ်လမ်း ကြိုက်သူတွေ၊ အင်္ဂလိပ်ခေတ်အကြောင်း လေ့လာကြည့်ရှုလိုသူတွေ အကြိုက် တွေ့နိုင်မယ့် ရုပ်ရှင်ကားကောင်းတကား ဖြစ်ပါတယ်။
အများစု ဝေဖန်နေကြတဲ့ မြန်မာပေါကား စာရင်းထဲမှာ မပါဝင်ပေမယ့်လည်း ခေတ်တခုကို အပြည့်အဝ ပြန်လည် ပုံဖော်နိုင်တဲ့ ရုပ်ရှင်ကား အဖြစ်တော့ မရောက်သေးပါဘူး။ ဒါပေမယ့်လည်း ရုပ်ရှင်ဖန်တီးထားသူတွေရဲ့ တတ်စွမ်းသမျှ ကြိုးစားထားမှုနဲ့ စာရေးဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုတို့ ကြောင့် ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ကားကြီး တခုဖြစ်တယ်လို့ မြင်မိပါတယ်။
“မတစ်ထောင် တစ်ကောင်ဘွား” ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ ခင်စောမျိုးက ရိုက်ကူး ပုံဖော်ထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် ကျော်ရဲအောင်၊ အောင်ရဲလင်း၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်တို့က အဓိက ပါဝင် သရုပ်ဆောင် ထားတာဖြစ်ပြီး မေလ၂၅ ရက်နေ့ကစတင်ကာ တနိုင်ငံလုံးမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – “မတစ်ထောင် တစ်ကောင်ဘွား” ရုပ်ရှင်မှာ ဂုတ်က တက်တူး ပေါ်သွားတယ်ဆိုတဲ့ အောင်ရဲလင်း