ဒီနေ့ ဖော်ပြပေးမယ့် ဘောလိဝုဒ် ရုပ်ရှင်ကတော့ နာမည်ကျော်မင်းသား Ajay Devgn ကိုယ်တိုင် ခေါင်းဆောင် ပါဝင်ထားတဲ့ “Raid” (ဝင်ရောက်စီးနင်းခြင်း) လို့ အမည်ရတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဥပဒေကို ဦးထိပ်ပန်ဆင်ပြီး အကြောက်အလန့် မရှိတဲ့ အကောက်ခွန် အရာရှိတယောက်က Lucknow ဆိုတဲ့မြို့က အများကြည်ညို လေးစားတဲ့ သူဌေးတဦးရဲ့ အိမ်ကို ဝင်ရောက်စီးနင်းပြီး အခွန်ရှောင်ထားတဲ့ ပစ္စည်းတွေနဲ့ ငွေမည်းတွေ ရှာဖွေပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ “Raid” ရုပ်ရှင်ဟာ အိန္ဒိယနိုင်ငံမှာ အထင်ရှားဆုံး ဝင်ရောက် စီးနင်းမှုတခုကို ပုံဖော်ထားပြီး ဝင်ငွေခွန်ရှောင်တဲ့ ကိစ္စတွေကို ဖော်ထုတ်တဲ့ ပထမဆုံး ဘောလိဝုဒ် ရုပ်ရှင်လည်း ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက အိန္ဒိယနိုင်ငံကို အမျိုးသမီးဝန်ကြီးချုပ် Indra Gandhi က အုပ်ချုပ်နေစဉ် ကာလလည်း ဖြစ်ပါတယ်။ ဒေသတွင်းက အလွန်ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတွေနဲ့ အကောက်ခွန် အရာရှိတို့အကြားမှာ အရိုးစွဲနေပြီ ဖြစ်တဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို မီးမောင်းထိုးပြထားပြီး အမှန်တရား ဘက်တော်သား၊ ဥပဒေ ကိုးကွယ်သူ အကောက်ခွန် အရာရှိတဦးရဲ့ နိုင်ငံအပေါ် သစ္စာရှိမှုကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အကောက်ခွန် အရာရှိတဦးဖြစ်တဲ့ Amay Patnaik ဟာ Lucknow မြို့ကို ဝင်ငွေခွန်စည်းကြပ်ရေး လက်ထောက် ကော်မရှင်နာ တဦးအနေနဲ့ ပြောင်းရွှေ့လာသူပါ။ သူ့မှာ Malini ဆိုတဲ့ ဇနီးချောလေး တဦးရှိပြီး ပျော်ရွှင်စွာ နေထိုင်ခဲ့ကြ ပါတယ်။
တနေ့မှာတော့ လွှတ်တော်အမတ် Rameshwar Singh ဆိုသူဟာ အခွန်တွေကို နှစ်ပေါင်းများစွာ ရှောင်ထားပြီး ငွေမည်းတွေကို သိမ်းဆည်းထားတဲ့အကြောင်း အမည်မဖော်လိုသူ တဦးက Amay ထံ ဖုန်းဆက် အကြောင်းကြား လာပါတယ်။ ဒါကြောင့် Amay နဲ့သူ့ရဲ့ အဖွဲ့ဟာ အစီအစဉ်တွေကို တင်းတင်းကျပ်ကျပ် စီမံပြီး လွှတ်တော်အမတ် နေထိုင်ရာ Sitagarh ဆီကို ထွက်ခွာခဲ့ကြပါတယ်။
အမတ်မင်း နေထိုင်ရာအိမ်ကို စတင်ရောက်ရှိချိန်မှာတော့ မိသားစုဝင်တွေရဲ့ အငြိုးကြီးစွာ တုန့်ပြန်မှုကို ကြုံတွေ့ခဲ့ ရပေမယ့် Amay ကတော့ ငွေမည်းတွေကို ရှာဖွေတွေ့ရှိနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။
ငွေမည်းတွေတွေကို ရှာဖွေဖို့ အိမ်ရဲ့နေရာတိုင်း ဘုရားခန်းပါ မကျန် ရှာဖွေခဲ့ကြပေမယ့် အစအနတောင် ရှာမတွေ့ခဲ့ပါဘူး။ ရက်အနည်းငယ် ကြာတဲ့အချိန်မှာတော့ ငွေမည်းတွေကို ရှာဖွေနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက် လျော့ပါးစ ပြုလာနေပါပြီ။
ဒါပေမယ့် ငွေမည်းတွေကို ရှာဖွေဖို့ အဝင်အထွက် မလုပ်ရတဲ့ အိမ်မှာ ရှိနေတဲ့ သူ့ပိုက်ဆံအိတ်ထဲ ငွေမည်းတွေ ဖွက်ထားတဲ့ နေရာတွေကို ဖော်ပြထားတဲ့ မြေပုံတခုနဲ့ စာတစောင် ရောက်ရှိလာပြီးနောက်မှာတော့ Amay တယောက် သူ့အစီအစဉ်အတိုင်း အောင်မြင်နိုင်ပါ့မလားဆိုတာ ရုပ်ရှင်ကို ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
ဇာတ်လမ်းတခုလုံးရဲ့ Plot က ဇာတ်လမ်း အလယ်လောက်မှာ စပေါ်ပေမယ့် ဇာတ်သိမ်းတဲ့အထိ ဇာတ်ရှိန်ကို ထိန်းသွား နိုင်ပါတယ်။ အကောက်အခွန်အရာရှိ Amay နဲ့ ဇနီးဖြစ်သူတို့ရဲ့ သစ္စာရှိတဲ့ ချစ်ခြင်းတရားကို မြင်တွေ့ရမှာဖြစ်သလို ငွေမည်းတွေကို ဖွက်ထားတဲ့ သူဌေးကြီး Rameshwar ရဲ့ ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်မှု တွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းတခုလုံး နီးပါးကို အိမ်ကြီး တခုတည်းမှာတင် ရိုက်ကူး ပြသွားတာကတော့ အတုယူစရာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ အကောက်ခွန်အရာရှိ Amay Patnaik အဖြစ် မင်းသား Ajay Devgn ၊ အခွန်ရှောင်သူဌေးကြီး Rameshwar Singh အဖြစ် Saurabh Shukla နဲ့ အရာရှိရဲ့ ဇနီး Malini အဖြစ် Ileana D’Cruz တို့က ခေါင်းဆောင် ပါဝင် ထားကြပါတယ်။