Entertainment

အသက် ၃၄ နှစ် အမှန်ဖြစ်ကြောင်း ပြန်ဖြေရှင်းနေရတဲ့ မအေးသောင်း

Want create site? Find Free WordPress Themes and plugins.

ယခု လတ်တလော Facebook လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ မအေးသောင်းဆိုပြီး အားပေးချစ်ခင်မှုရနေတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း တယောက် မေလ ၂၇ ရက်နေ့က ကျရောက်ခဲ့တဲ့ သူမရဲ့ အသက် ၃၄ နှစ်ပြည့် မွေးနေ့မှာ အလှူတွေလုပ်ပြီး ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ပေမယ့် သူမရဲ့ အသက်ဟာ အမှန်မဟုတ်ဘူးလို့ Facebook သုံးစွဲသူအချို့က ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့ပါတယ်။

အဲဒီလို ဝေဖန်မှုများရှိလာခဲ့တဲ့ အပေါ် မအေးသောင်းက သူမရဲ့ Facebook မှာ မှတ်ပုံတင်၊ Passport တို့နဲ့ တကွ သူမရဲ့ အသက်အမှန်သာ ၃၄ နှစ် ဖြစ်ကြောင်း ပြန်လည် ရေးသား ဖြေရှင်းလိုက်ပါတယ်။
“ပထမတော့ ဖြစ်နေကျမို့ မဖြေရှင်းတော့ပါဘူးလို့ စိတ်ထားခဲ့ပေမယ့် မပြီးနိုင်တဲ့ စွပ်စွဲမှုတွေက ရပ်မသွားခဲ့တဲ့ အပြင် ကိုယ့်အမေနဲ့ အဖေတို့ကိုပါ မယဉ်ကျေးတဲ့ အသုံးအနှုန်းတွေနဲ့ ထပ်တိုး ထိခိုက်လာလို့ စိတ်မကောင်း ဖြစ်ရပါတယ်။ ကိုယ်တိုင်လည်း သင်ခန်းစာယူ ဖြစ်ပါတယ်။ ကိုယ်လည်းတကယ် မသိဘဲ၊ မသေချာဘဲ ပြောတဲ့ စကားတခွန်း၊ စွပ်စွဲချက် တခုဟာ ကိုယ်က ပေါ့ပေါ့ပါးပါး ပြီးစလွယ် ပြောထွက်ခဲ့ပေမယ့် နောက်ဆက်တွဲအနေနဲ့ ရိုးသားစွာ နေထိုင်နေတဲ့ မိသားစုတစ်ခုအတွက် ထိခိုက် စိတ်အနှောက်အယှက် ဖြစ်စရာ ဖြစ်ရတယ်” လို့ မအေးသောင်းက ဆိုထားပါတယ်။

Facebook ပေါ်မှာ ပြန်လည် ဖြေရှင်းထားတဲ့ မအေးသောင်းရဲ့ မှတ်ပုံတင်နဲ့ Passport

ဆက်လက်ပြီး “ဆက်မဖြေရှင်းပဲနေရင် မိသားစုကို ဒီထက်ဆိုးတဲ့ ထိခိုက်မှုတွေ ထပ်ရှိလာမှာ စိုးတာကြောင့်ရယ်၊ ကိုယ့်ကို မေတ္တာထား နေကြတဲ့ Facebook က အမျိုးတွေကပါ ကိုယ့်ကို လိမ်နေတယ်လို့ မထင်သွားစေချင်တာကြောင့် ပထမဆုံး အကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် ဖြေရှင်းပါရစေရှင့်”ဆိုပြီး မအေးသောင်းက သူမရဲ့ Facebook အကောင့်မှာ မှတ်ပုံတင်၊ Passport စာအုပ်တို့နဲ့ တကွ ရေးသားကာ တင်ထားပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ အသက် ၁၂ နှစ်အရွယ်၊ ၁၉၉၆ ခုနှစ်မှာ မော်ဒယ် စလုပ်ခဲ့ပြီး ဆယ်တန်းကို ၂၀၀၀ ခုနှစ်မှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၁၉၉၈ ခုနှစ်၊ အသက် ၁၄ နှစ်မှာ မအေးသောင်းက Miss X’Mas ဆုကို ရရှိခဲ့ပြီး အဲဒီနှစ်မှာကပဲ သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ ဟာသ သရုပ်ဆောင် အရိုင်း၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) တို့နဲ့အတူ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

မအေးသောင်းတို့ မိသားစု ညီအစ်မ ၃ ယောက်ရှိပြီး အစ်မကြီးဖြစ်သူ သရုပ်ဆောင် နှင်းဝတ်ရည်သောင်းက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ နေထိုင်ကာ ညီမ အလတ်ဖြစ်သူ အေးဝတ်ရည်သောင်းနဲ့ အငယ်ဆုံး ညီမ ဆွိဝတ်ရည်သောင်းတို့ကတော့ မိသားစုနဲ့အတူ ရန်ကုန်မြို့မှာ နေထိုင်ပါတယ်။
မအေးသောင်းက သူမရဲ့ အသက် ၃၄ နှစ်ပြည့်မွေးနေ့မှာ ထူးထူးခြားခြားအနေနဲ့ ဘဝမှာ ပထမဆုံး Billboard (ကြော်ငြာ ဆိုင်းဘုတ်) ထောင်ပြီး မွေးနေ့ဆုတောင်းပေး ခံရတာကြောင့် အံ့သြဝမ်းသာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ အသက် ၃၄ နှစ်ပြည့် မွေးနေ့ပွဲကိုတော့ မေလ ၂၇ ရက်နေ့ က စိန့်မေရီ ဘုရားကျောင်းမှာ ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်း၊ မသန်စွမ်း ပြုစုစောင့်ရှောက်ရေး ဂေဟာနဲ့ စိန့်မေရီချက်စ်မင်း ကျောင်း စတဲ့ ကျောင်း ၃ ခုက ကလေးငယ်တွေနဲ့အတူ စုပေါင်းပြီး အလှူအတန်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်ဖတ်ရှုရန်Billboard ထောင်ကာ မွေးနေ့မှာ Surprise လုပ်ခံခဲ့ရတဲ့ မအေးသောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading