Entertainment

“အရင်တည်းက ရုပ်ရှင်တွေကို မှီငြမ်းရိုက်ကူးတာ ရှိတယ်” ဆိုတဲ့ ဒါရိုက်တာ စတီးလ်

Want create site? Find Free WordPress Themes and plugins.

ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနေတဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က နိုင်ငံခြားဇာတ်လမ်းများကို မှီငြမ်း ရိုက်ကူးတယ်လို့ ဝေဖန်ပြောကြတဲ့အပေါ် အက်ရှင်ကားဆိုရင် အနည်းအများတော့ နိုင်ငံခြားကားတွေကို မှီငြမ်း ရတာပါပဲလို့ ဒါရိုက်တာ စတီးလ်က ဆိုပါတယ်။

“ကျနော်က ၁၉၉၂ ခုနှစ်မှာတည်းက ဇာတ်လမ်းတွေ ရေးခဲ့တာပါ။ ကိုသားကြီးအတွက် ရေးခဲ့တဲ့ ဇာတ်လမ်းတွေလည်း ကျနော် အိန္ဒိယကားတွေကို မှီငြမ်းပြီး ရေးခဲ့တာပါ။ ကျနော်ဝတ္ထုတွေကို နာမည်ကြီး မင်းသား နာမည်ကြီး ဒါရိုက်တာ တွေနဲ့ပဲ ရိုက်ခဲ့တာပါ။ ကျနော် မှီငြမ်းပြီး ရေးခဲ့တဲ့သူပါ။ ရှေ့မှာလည်း မှီငြမ်းတွေ အများကြီး ရှိပါတယ်။ ဆရာ့ ဆရာကြီးတွေလည်း မှီငြမ်းတွေ ရှိပါတယ်” လို့ ဒါရိုက်တာ စတီးလ်က ဧရာဝတီကို ပြောပါတယ်။

“ထူးထူးခြားခြား ကျနော်ကိုပဲ မှီငြမ်းလို့ မြင်ကြတယ်။ ရုပ်ရှင် တလောကလုံးနီးပါး မှီငြမ်းသလောက် ရှိပါတယ်။ ဘာလို့လဲဆို ကျနော်တို့မှာ နေရာကျဉ်းကျဉ်းလေး လေ။ နေရာကျဉ်းကျဉ်းလေးဆိုတာက ကျနော်တို့ဆီမှာ ဟာသ ရိုက်မလား၊ ဒရာမာ ရိုက်မလား။ ဒီနှစ်ခုပဲ ရှိတယ်။ အက်ရှင်ဆိုရင်တော့ ကျနော်တို့က အနည်းနဲ့ အများတော့ နိုင်ငံခြားကားတွေကို မှီငြမ်းရတာပဲလေ။ ကျနော်ရိုက်တဲ့ ဇာတ်လမ်းတော်တော်များများက မှီငြမ်းပြီး မြန်မာမှုပြုပြီး ရိုက်တာပါ”လို့ ဒါရိုက်တာ စတီးလ်က ပြောပါတယ်။

အရင်ခေတ် သရုပ်ဆောင်တွေနဲ့ ယနေ့ခေတ် သရုပ်ဆောင်တွေ ရိုက်ကွင်း အချိန်လေးစားမှုနဲ့ ပတ်သတ်ပြီးတော့လည်း ကွာခြားမှုတွေ ရှိတယ်လို့လည်း ဒါရိုက်တာစတီးလ်က ဆိုပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး “ကိုသားကြီးတို့ လက်ထက်နဲ့ အခု လက်ထက် တော်တော်ကွာတယ်။ ကိုသားကြီးတို့တုန်းက ကိုသားကြီးနဲ့ တတန်းတည်း မင်းသားတွေရှိတယ်။ ကိုလွင်မိုး၊ ကိုကျော်ရဲအောင်၊ ကိုရန်အောင်၊ ကိုရဲအောင် ရှိတယ်။ အဲ့လိုသရုပ်ဆောင် အကြီးကြီးတွေပါ”

“ကျနော်သိသလောက်က ရိုက်ကွင်းပေါ်မှာ ၈ နာရီလို့ ဆိုလိုက်တာနဲ့ အားလုံးကို ၈ နာရီ ရောက်တာနဲ့ တွေ့နေရတယ်။ ဦးကျော်ဟိန်းတို့လို မင်းသားကြီးတွေက အစပေါ့။ အရင်တုန်းက အနုပညာရှင်တွေနဲ့ ဒါရိုက်တာတွေနဲ့ ရှိခဲ့တဲ့ Relation တခုပေါ့။ ကျနော် ဒါရိုက်တာ လုပ်ပြီးနောက်ပိုင်း အချိန် မပေးနိုင်တဲ့ သရုပ်ဆောင် တယောက်၊ နှစ်ယောက်နဲ့ ကျနော် ရိုက်ဖူးတယ်ဗျ ။ သူတို့က ကျနော်ကို အချိန်မပေးနိုင်ဘူးပေါ့” လို့ ဒါရိုက်တာ စတီးလ်က ဆိုပါတယ်။

“နောက်ပိုင်း ကျနော်တို့က သူတို့နဲ့ မရိုက်ဖြစ်ဘူး။ကိုယ့်ကို အချိန်ပေးနိုင်မယ့် သရုပ်ဆောင်မျိုးနဲ့ပဲ ကျနော်ရိုက်တာ များပါတယ်။ အနုပညာရှင်တွေ အချိန် မလေးစားတာလားဆိုတော့ ကျနော်မပြောတတ်ဘူးဗျ။ သူတို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အလုပ်နဲ့ ရောနေတယ်လို့ပဲ ကျနော်မြင်တယ်” လို့ ဒါရိုက်တာ စတီးလ်က ဧရာဝတီကို ပြောပါတယ်။ ဒါရိုက်တာ စတီးလ်ဟာ သရုပ်ဆောင်ဒွေး သက်ရှိထင်ရှားရှိစဉ်က ဒွေးရဲ့နောက်မှ တောက်လျှောက်လိုက်ပါခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

ယနေ့ခေတ် လူငယ်ဒါရိုက်တာတွေ ရိုက်ကူးမှု တိုးတက်လာတဲ့အပေါ် ဒါရိုက်တာတယောက်အနေနဲ့ လူငယ် ဒါရိုက်တာ အကုန်လုံးက ကြိုးစားကြတဲ့အတွက် တော်ကြကြောင်း၊ ကွန်ပျူတာနဲ့ ပတ်သတ်တာများ၊ အင်တာနက်များလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့အတွက် အားသာချက်များ ရှိကြောင်းဆိုပါတယ်။

ဒါနဲ့ပတ်သတ်ပြီးတော့လည်း “ကျနော်တို့က ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့ ရေးပြီးမှ သင်ကြားခဲ့ရတယ်။ သူတို့က လက်ရှိ ကွန်ပျူတာနဲ့ အလုပ်လုပ်နေတဲ့ သူတွေဆိုတော့ အဲ့လိုတော့ ကွာခြားသွားမယ်လို့ ကျနော်မြင်ပါတယ်။ ကျတော်တို့ ရိုးရိုးကြီးသွားတာကို သူတို့က ဆန်းပြီး လုပ်သွားတယ်။ သူတို့တွေက ရေရှည်မှာတော့ စိုးမိုးလာနိုင်ပါတယ်။ အချိန်တန်ရင် ကျနော်တို့ကလည်း လူငယ်တွေကို နေရာဖယ်ပေးရမှာပဲလေ”လို့ ပြောပါတယ်။

ဒါရိုက်တာ စတီးလ် ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ “သားပိုက်ကောင်” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဇွန်လ ၈ ရက် နေ့ ကစပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒါရိုက်တာ စတီးလ်က လက်ရှိမှာတော့ ပြင်ဦးလွင်မှာ “သစ္စာတရားရဲ့ အမိန့်ပေးသံ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေကြောင်း သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading