Entertainment

မင်းသား George Clooney ကို AFI ဘဝတသက်တာဆု ပေးအပ်မယ့် မင်းသမီး Julia Roberts

ဟောလိဝုဒ်မင်းသား George Clooney ကို ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သူ Julia Roberts က AFI ဘဝတသက်တာ အောင်မြင်မှုဆု ချီးမြှင့်မယ်လို့ သိရပါတယ်။

အမေရိကန်ရုပ်ရှင် အင်စတီကျူ (AFI) က “Wonder” ရုပ်ရှင်မင်းသမီး Roberts ဟာ သူနဲ့ ကာလရှည် သူငယ်ချင်း ဖြစ်ခဲ့တဲ့ မင်းသား Clooney ကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဟောလိဝုဒ်မှာ ရှိတဲ့ Dolby Theatre မှာ လာမယ့်ဇွန် ၇ ရက် မှာ ကျင်းပမယ့် ၄၆ ကြိမ်မြောက် AFI Life Achievement Award Gala Tribute ပွဲမှာ AFI ဘဝတသက်တာ အောင်မြင်မှု ဆုကို ပေးအပ်မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

မင်းသမီး Roberts နဲ့ မင်းသား Clooney တို့ဟာ “Ocean’s Eleven”, “Ocean’s Twelve” နဲ့ “Money Monster” ရုပ်ရှင် တို့မှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် မင်းသား Clooney ကိုယ်တိုင်ရိုက်ကူးတဲ့ “Confessions of a Dangerous Mind” နဲ့ သူထုတ်လုပ်ထားတဲ့ “August: Osage County” ရုပ်ရှင်တို့မှာလည်း မင်းသမီးက ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

TNT ရုပ်သံလိုင်းကနေ အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် ဇွန်လ ၂၁ ရက်နေ့၊ ည ၁၀ နာရီမှာ တနာရီခွဲ ကြာမြင့်မယ့် “The 46th AFI Life Achievement Award: A Tribute to George Clooney” ဆုပေးပွဲကို တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

မင်းသားနဲ့ မင်းသမီးဟာ အခုလိုမျိုး အလုပ်အတူ တွဲလုပ်ခဲ့ဖူးကြတဲ့အပြင် ရင်းနီးတဲ့ ဆက်ဆံရေး ရှိကြတဲ့သူနှစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မေလမှာဆိုရင် အမြွှာနှစ်ဦးကို မွေးဖွားခဲ့ဖူးတဲ့ မင်းသမီး Roberts က ကလေးချီရတော့မယ့် မင်းသား Clooney နဲ့ ဇနီးဖြစ်သူ Amal Clooney တို့ကို အကြံဉာဏ်တွေ ပေးခဲ့ပါသေးတယ်။

အစီအစဉ် တင်ဆက်သူ Ellen DeGeneres နဲ့ ပြုလုပ်တဲ့ Talk Show မှာ မင်းသမီး Roberts က “ဟုတ်ပါတယ်၊ အရမ်းကို ပျော်ရွှင်ရတော့မှာပါ။ သူတို့နှစ်ဦးဟာ တကယ့်ကိုပဲ တော်တဲ့စုံတွဲဖြစ်ပြီးတော့ တခြားဘယ်သူ့ဆီကရော၊ ကျမဆီကရော အကြံဉာဏ် မလိုအပ်ဘူးလို့ ကျမထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မွေးဖွားတော့မယ့် နံနက် ၃ နာရီ အချိန်ကြီးမှာ ဘယ်သူကမှ ကိုယ်နဲ့ မရှိနေနိုင်ဘူးလေ။ အဲဒါကြောင့်ပါ” လို့ ပြောကြားခဲ့ဖူးပါတယ်။

Ref: etcanada

Loading