ဒီတခါမှာတော့ IMDB rating (4.8) ရရှိထားတဲ့ မှုခင်းဒရာမာ အမျိုးအစား ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကပါဝင် သရုပ်ဆာင်ထားတဲ့ မင်းသားကြီး Jim Carrey ကို ခါတိုင်း မြင်တွေ့နေကျ ဇာတ်ရုပ်ပုံစံတွေနဲ့ ကွဲထွက်နေတဲ့ မီးခိုးရောင် ကတုံးဆံပင်ပေါက်၊ မုတ်ဆိတ်တွေနဲ့ ရဲဝန်ထမ်း တယောက်အဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Alexandros Avranas ကရိုက်ကူးထားတာဖြစ်ပြီး မင်းသား Marton Csokas နဲ့ မင်းသမီး Charlotte Gainsbourg တို့ကလည်း ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မြို့ပြင်က Sex Club တခုကို မကြာခဏ သွားတဲ့ ရဲဝန်ထမ်းတယောက်ဟာ အသတ်ခံ လိုက်ရပြီး ဘယ်သူသတ်မှန်း မသိခင်မှာပဲ အမှုပိတ်လိုက် ရပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီး မသင်္ကာစရာတွေ တွေ့ရှိခဲ့တာကြောင့် ရဲဝန်ထမ်းတဦးဖြစ်တဲ့ Tadek က ဒီအမှုကို ပြန်ဖွင့်ပြီး ပြန်လည် စုံစမ်းပါတော့တယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး မသင်္ကစရာ အကောင်းဆုံးလို့ ယူဆရတဲ့ စာရေးဆရာ တယောက်ကို ခေါ်စစ်ဆေးရင်းနဲ့ သူရေးထားတဲ့ စာအုပ်ပါ အကြောင်းအရာတွေဟာ လူသတ်မှုနဲ့ ဆက်စပ်နေတာကိုပါ တွေ့ရှိခဲ့ရပါတယ်။ လူသတ်သမားနဲ့ အသတ်ခံရတဲ့ ရဲဝန်ထမ်း ကိုယ်တိုင်သာ သိနိုင်မယ့် အကြောင်းအရာတွေကို စာအုပ်တွေမှာ ထည့်သွင်း ရေးသားထားတာကြောင့် မုသားဖော်စက်ကိုအသုံးပြုပြီး စစ်ဆေးခဲ့တာတောင်မှ မထူးခြားခဲ့ပါဘူး။
သိပ်မကြာခင်မှာဘဲ စာရေးဆရာဟာ သူသတ်ခဲ့ပါတယ်ဆိုပြီး ရဲဝန်ထမ်း Tadek ဆီမှာ လာရောက် ဝန်ခံပါတော့တယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးချက်တွေအရ လူသတ်မှုဖြစ်ပေါ်နေတဲ့အချိန်မှာ စာရေးဆရာဟာ ခရီးထွက်နေတယ်ဆိုတဲ့ အချက်ကို တွေ့ခဲ့ရပါတယ်။ ဒါဆိုရင်တော့ ဒီလူသတ်မှုမှာ စာရေးဆရာက တရားခံ အစစ်လား ဒါမှမဟုတ် တခြား တယောက်လား ဆိုတာကိုတော့ ဒီဇာတ်ကားကို ဆက်လက် ကြည့်ရှုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒီဇာတ်ကားဟာ တခြားသော မှုခင်းဒရာမာ ဇာတ်ကားထဲလို အက်ရှင် မပါဝင်တာကြောင့် အနည်းငယ် အေးစက်စက်နိုင်တယ်လို့တော့ ထင်ရပါတယ်။ ဇာတ်သိမ်းခန်းမှာ လူသတ်သမားကို ရဲကဖမ်းမိသွားတယ် ဆိုတဲ့ မှုခင်း ဒရာမာ ဇာတ်မျိုး မဟုတ်ဘဲ လှည့်ကွက်တွေနဲ့ ကြည့်ရှုသူကိုယ်တိုင် ရဲဝန်ထမ်း Tadek နေရာကို ဝင်ရောက်နေရသလို ခံစားရစေတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။