Entertainment

လူငယ်များကြားက အချစ်ကို ရိုက်ကူးပုံဖော်ထားတဲ့ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း”

Want create site? Find Free WordPress Themes and plugins.

ဒီတပတ် ရုံတင်လာတဲ့ ရုပ်ရှင်ကားကတော့ ထူးထူးခြားခြား လူငယ်ပရိသတ်တွေအတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ အချစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ဆိုတဲ့ ရုုပ်ရှင်ကားကြီးပါ။

ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်များအဖြစ် လွှမ်းပိုင်၊ ရဲရင့်အောင်နဲ့ ဖွေးဖွေးတို့က ပါဝင်ရုပ်ဆောင်ထားကြပါတယ်။ အဆိုတော် မင်းသားများကို ပွဲထုတ်ထားတဲ့ ဒီဇာတ်ကားမှာ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ နှစ်ဦးရဲ့ အားပြိုင်မှုကို တွေ့မြင်ရမှာပါ။

ဇာတ်လမ်းအကျဉ်းကတော့ ရိုးသားကြိုးစားပြီးစိတ်ကောင်းရှိတဲ့ “နေညိုထင်” (လွှမ်းပိုင်) က စာရေးဆရာ တဦးဖြစ်ပြီး “ဝင့်ရှင်ပျို” (ဖွေးဖွေး) ဆိုတဲ့ ချောမောလှပတဲ့ ကောင်မလေးတဦးနဲ့ ရည်းစားဖြစ်ပါတယ်။ “သြရထူး” (ရဲရင့်အောင်) ကတော့ မြန်မာပြည်ရဲ့ အချမ်းသာဆုံး သူဌေးကြီးတဦးရဲ့သားပါ။ ငွေကြေးချမ်းသာတဲ့ အသိုင်းအဝိုင်းကြောင့် သူလိုချင်တာ ဘာမဆိုဖြစ်တယ်၊ ရတယ်ဆိုပြီး စိတ်ကြီးဝင်နေတဲ့သူတဦးလည်း ဖြစ်ပါတယ်။

“ဝင့်ရှင်ပျို”ကို အမှတ်မထင်ဘဲ တွေ့မိရာက ချစ်ကြိုက်မိပြီး ချစ်သူရည်းစား ရှိပေမယ့် ဇွတ်လိုက်ကြိုက်တဲ့ “သြရထူး”က ချစ်သူနှစ်ဦးကြား လိုက်နှောင့်ယှက်ပေးပါတယ်။ ပရဟိတကို အချိန်ရရင် ရသလိုလုပ်တတ်တဲ့ “နေညိုသွင်”က ချစ်သူကို အချိန်မပေးနိုင်တဲ့အခါမှာ မကြာခဏ ရန်ဖြစ်စကားများရ ပါတော့တယ်။ ဒီအချိန်က သြရထူးအတွက် အချိန်ကောင်းဖြစ်ပြီး သူကြိုက်တဲ့သူကို မရရအောင် နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ်ပါတော့တယ်။ ယောကျာ်းနှစ်ဦးကို တပြိုက်နက်ထဲ စိတ်ဝင်စား သွားတဲ့ ဝင့်ရှင်ပျိုက ဘယ်သူနဲ့ ဇာတ်သိမ်းမှာ ပေါင်းမှာလဲဆိုတာ ဇာတ်လမ်းကို သွားရောက် ကြည့်ရှုဖို့ တိုက်တွန်း ချင်ပါတယ်။

အချစ်ကို နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ တပြိုက်နက်ခံစားမိပြီး အမျိုးသား နှစ်ဦးကြား ဗျာများရတဲ့ မိန်းကလေးအဖြစ် ဖွေးဖွေးက သရုပ်ဆောင်သွားပါတယ်။ ဖွေးဖွေးက အရင်ရုပ်ရှင်ကားတွေမှာလည်း အချစ်အတွက် ခံစားချက်ပြင်းတဲ့ မိန်းကလေး တယောက်အဖြစ် သရုပ်ဆောင်ရာမှာ ပရိသတ် ကြိုက်နှစ်သက်ခြင်း ခံရသူဖြစ်တဲ့အတွက် ဒီဇာတ်ကား ဇာတ်ရုပ်နဲ့လည်း ဖွေးဖွေးက ကွက်တိ သရုပ်ဆောင်သွားနိုင်ပါတယ်။

စာရေးဆရာ နေညိုသွင်အဖြစ် သရုပ်ဆောင်ထားတဲ့ လွှမ်းပိုင်ကတော့ ဒီဇာတ်ကားမှာ အငြိမ်ပိုင်းနဲ့ သရုပ်ဆောင် သွားပေမယ့် အသဲကွဲရတဲ့အခါ မျက်ရည်ကျရတဲ့ ခံစားချက်ပြင်းထန်တဲ့ လူငယ်တယောက်အနေနဲ့ သရုပ်ဆောင် ထားပါတယ်။ လွှမ်းပိုင်ရဲ့သရုပ်ဆောင်ချက်တွေက ပီပြင်တဲ့အခန်းတွေရှိသလို တချက်တချက် ခံစားချက် လွတ်ထားတာ ကိုလည်း တွေ့ရပါတယ်။ စကားပြောတဲ့အခန်းတွေ တချို့မှာ မြန်သလို ပီပြင်မှုအားလည်း တချက်တချက် လွတ်ပါတယ်။ ဒါပေမယ့် အဆိုတော်တယောက်အနေနဲ့ သရုပ်ဆောင်မှုအပိုင်းနဲ့ပတ်သတ်လို့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

ဒီဇာတ်ကားမှာ ဗီလိန်လို့ဆိုနိုင်ပြီး အမာဇာတ်ကောင်နဲ့ တွေ့ရတဲ့ သြရထူးအဖြစ် သရုပ်ဆောင်ထားတဲ့ ရဲရင့်အောင် ကတော့ အဆိုပိုင်းအပြင့် သရုပ်ဆောင်မှုပိုင်းမှာပါ မိန်းကလေးပရိသတ်တွေကို ထပ်မံသိမ်းပိုက်ဦးမှာပဲလို့ မြင်မိပါတယ်။ ရဲရင့်အောင်နဲ့ ဒီဇာတ်ကောင်ကပဲ လိုက်ဖက်တာလား၊ ရဲရင့်အောင်ကပဲ သြရထူးအဖြစ် အစွမ်းကုန် သရုပ်ဆောင်ထားတဲ့ အတွက် လိုက်ဖက်တာလားဆိုတဲ့ အချက်၂ချက်ထဲက တခုခုပါပဲ။ ဒါပေမယ့် အဝတ်အစားနဲ့ မိတ်ကပ်ပိုင်းကို ဒီထက်ပိုပြီး ပြင်ဆင်မယ်ဆိုရင် ပိုပြီးသဘာဝကျမယ်လို့ ထင်မိပါတယ်။

ဒီဇာတ်ကားမှာပါဝင်တဲ့ ဇာတ်ဝင်တေးဖြစ်တဲ့ အဆိုတော်ကေကေမိုးဆိုထားတဲ့ “မောင်မငိုရဘူးနော်” သီချင်းနဲ့ သာဒီးလူ သီဆိုထားတဲ့ “လိုသလိုသုံး”သီချင်းတွေကလည်း ဇာတ်ကားကို အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ ဇာတ်ဝင်တေးသီချင်းတွေလို့ မြင်မိပါတယ်။

ဒီဇာတ်ကားကို ထူူးထူးခြားခြား ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ အောင်ဇော်လင်းနဲ့ ဝင်းလွင်ထက် တို့နှစ်ဦးက ပူးပေါင်းရိုက်ကူး ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားအနေအထားအရ ဇာတ်လမ်းဇာတ်ကွက်က ရိုးရှင်းပြီး ဘာအချိုးအကွေ့မှ မပါတာ တခုကတော့ ပရိသတ်ကို ဖမ်းစားနိုင်မှု လျော့နည်းစေနိုင်ပါတယ်။

“လေပြေနဲ့ မုန်တိုင်း” ကို တပြိုက်နက်ထဲ ခံစားချင်တဲ့ မိန်းကလေးတယောက်ရဲ့ အချစ်အကြောင်းကို ရိုက်ကူးထားတဲ့ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ဇာတ်ကားကတော့ လူငယ်ပရိသတ်တွေ အကြိုက်တွေ့ကြမယ်လို့ မြင်မိပါတယ်။ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားကို ဇွန်လ ၁ ရက်နေ့ကစတင်ပြီး မြန်မာတနိုင်ငံလုံးမှာ ရုံတင်ပြသပေး သွားမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading