ဒီနှစ်ပိုင်းတွေမှာ နိုင်ငံတကာက Animation ရုပ်ရှင်လေးတွေ တော်တော် ကြည့်ဖြစ်ပါတယ်။ ကာတွန်း Animation ဖြစ်လို့ တချို့ ကလေးကြိုက်တွေလို့ သဘောထားတာကြောင့် သိပ်စိတ်မဝင်စားခဲ့တာမျိူးတွေ ရှိပါတယ်။ ဒီနှစ်ပိုင်းထဲ ကြည့်ဖြစ်တဲ့ Animation ရုပ်ရှင်တွေထဲကနေ တော်တော်လေး ကြိုက်နှစ်သက်ရတဲ့ ဇာတ်လမ်း တချို့ရှိတဲ့အတွက် အဲဒီကားတွေကို ညွှန်းပေးချင်ပါတယ်။
ဇာတ်လမ်း ဇာတ်ကွက်အပြင် နောက်ဆုံးပေါ်နည်းပညာတွေကြောင့် တကယ့်လောကထဲက သူတွေရဲ့ ပုံစံအတိုင်း ဖန်တီးထားတဲ့ ဇာတ်လမ်းလေးတွေဟာ ရုပ်ရှင်ကြည့်ပရိတ်သတ်ကို ဆွဲဆောင်သွားမှာပါ။
(၁)The Son of Bigfoot
Adam ဆိုတဲ့ ကောင်ကလေးက ကျောင်းမှာ သူများအနိုင်ကျင့်တာခံနေရတဲ့ ကောင်လေးပါ။ သူ့မှာ အမေပဲရှိပြီး အဖေက ငယ်ကတည်းက သေသွားပြီလို့သိရပါတယ်။ အဒမ်ဟာ မကြာသေးခင်မှာပဲ ဆံပင်ညှပ်ပြီးခဏနေ ပြန်ရှည်လာတာနဲ့ ခြေထောက်က မတရားကြီးလာတာကို ကြုံလာရပါတယ်။
သူ့ကိုယ်သူ ဘာဖြစ်မှန်း မသိဘဲနေရာကနေ သူ့အဖေက မသေသေးဘဲ သိပ္ပံပညာရှင်တဦးဆိုတာရယ်၊ အမွှေးအမျှင်တွေ ထူပြီး ခြေထောက်ကြီးနေတာကြောင့် သူ့ကိုသုတေသနပြုပြီး ဆံပင်ပေါက်ဆေး ထုတ်ချင်တဲ့ ကုမ္ပဏီပိုင်ရှင်ကို ရှောင်ဖို့ သူတို့သားအမိကို ထားပြီး တောထဲမှာ သွားနေပါတယ်။ သူတို့သားအဖတွေ့တဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲနဲ့ သူတို့ကို လိုက်ရှာနေတဲ့ ရန်သူတော် ကုမ္ပဏီပိုင်ရှင်လက်ထဲကနေ ဘယ်လို လွတ်မြောက်အောင် လုပ်မလဲ ဆိုတာကို ရိုက်ကူး ထားပါတယ်။
(၂) Ferdinand
ဖာဒီနန်ကတော့ သိပ်ချစ်ဖို့ကောင်းတဲ့ နွားရိုင်းလေးပါ။ နွားရိုင်းလေး ဆိုပေမယ့် အသည်းနှလုံးက သိပ်နုပါတယ်။ သူငယ်ငယ်က နွားရိုင်းပြိုင်ပွဲတွေအတွက် လေ့ကျင့်ပေးတဲ့ နွားခြံမှာ မွေးပေမယ့် သူက သတ်တာ ပုတ်တာတွေထက်၊ ပန်းလေးတွေနဲ့ နုနုယွယွနေမယ်၊ စိတ်ကူးလေးယဉ်ပြီး နုချင်တဲ့ နွားလေးပါ။
သူ့အဖေနွားရိုင်းကြီးဟာ စပိန်နွားရိုင်း သတ်ပြိုင်ပွဲတွေမှာ နာမည်ရတဲ့ နွားရိုင်းကြီးပေါ့။ တရက်မှာတော့ ဖာဒီနန်ဟာ သူ့အဖေ နွားရိုင်းကြီးကို ပြိုင်ပွဲမှာ ရှုံးပြီးနောက် နွားသတ်ရုံထဲပါသွားတာကို မြင်ပြီးတဲ့နောက် ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ နီနာဆိုတဲ့ သခင်အသစ်ဆီကို ရောက်တဲ့အခါ ဖာဒီနန်ပျော်သွားပြီး အဲဒီမှာပဲ နေရင်းကြီးပြင်းလာပါတယ်။
ကြီးပြင်းလာတဲ့ ဖာဒီနန်ဟာ တနေ့မှာ မြို့ထဲကို ရောက်သွားပြီး နွားရိုင်းသွင်းပြီး ပွဲလုပ်တဲ့သူတွေလက်ထဲမှာ လေ့ကျင့် ပေးခံရဖို့ဖြစ်လာပါတယ်။ ဖာဒီနန် တယောက် ငယ်ငယ်က နွားခြံထဲက သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ပြီး အဲဒီခြံထဲကနေ ဘယ်လိုလွတ်အောင် လုပ်မလဲဆိုတာကို ရိုက်ကူးထားတာပါ။ နွားရိုင်းကြီး ဖာဒီနန်ရဲ့ ချစ်စဖွယ် အမူအရာလေးတွေနဲ့ ဇွဲကို ရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ ဇာတ်လမ်းလေ တခုဖြစ်ပါတယ်။
(၃) Peter Rabbit
ပီတာဆိုတဲ့ ယုန်ကလေးဟာ သိပ်ကဲတဲ့ ယုန်တကောင်ပါ။ အဆိုအကလည်းကောင်း ၊ မောင်နှမတွေကြားမှာ သူက ဆရာကြီး တယောက်ပါ။ အပြာရောင် ဂျင်းဂျက်ကက်လေးနဲ့ ဟိုပြေးဒီလွှားသိပ်ကဲတဲ့ ပီတာဟာ သူတို့နေတဲ့ ယုန်တွင်း ဘေးက အဖိုးကြီး မက်ဂရီဂေါ ပင်ပင်ပန်းပန်းစိုက်ထားတဲ့ သီးနှံတွေကို အမြဲသွားခိုးစားပြီး အဖိုးကြီး စိတ်ဆိုး ဒေါသ ထွက်အောင် အမြဲလုပ်နေကြပါ။
တရက်မှာတော့ အဖိုးကြီး မက်ဂရီဂေါဟာ စိုက် ပျိုးနေရင်း နှလုံးရောဂါနဲ့ လဲကျသေဆုံးသွားတော့ သူ့တို့က ရေခဲမုန့် ကားကြီးနဲ့ အဖိုးကြီးပါသွားပြီဆိုပြီး ပျော်ရွှင်နေကြတာပေါ့။ အဖိုးကြီးက တယောက်တည်းနေတော့ သူ့အိမ်ကို တောထဲက ပီတာတို့လို တိရိစ္ဆာန်တွေအကုန် မောင်ပိုင်စီးပြီး ဝင်သောင်းကျန်းတော့တာပါပဲ။ အဖိုးကြီးရဲ့ ဘေးအိမ်မှာက ပန်းချီဆရာမလေးတဦးရှိပါတယ်။ သူက ပီတာတို့လို ယုန်လေးတွေကို သိပ်ချစ်တတ်ပါတယ်။
အဖိုးကြီးသေဆုံးပြီး နောက်သိပ်မကြာခင် လန်ဒန်မြို့ပေါ်က အဖိုးကြီးရဲ့ တူတော်စပ်သူ ဂျူနီယာမက်ဂရီဂေါက အမွေယူဖို့ ရောက်လာပါတယ်။ သူက အလုပ် လတ်တလော ပြုတ်သွားတဲ့သူဆိုတော့ အမွေရတဲ့အိမ်ကို ရောင်းဖို့အတွက် ရောက် လာတာပါ။ အဲဒီမှာ ပီတာတို့ ယုန်တသိုက်နဲ့ အဲ့မက်ဂရီဂေါတို့ ဘယ်လို ဆက်စခန်း သွားကြလဲဆိုတာကို ရီမောစရာ ဖြစ်အောင် ရိုက်ကူးထားပါတယ်။ ချစ်ခြင်းမေတ္တာဟာ ယုံကြည်မှုနဲ့ တည်ဆောက်ရင် ခိုင်မြဲတယ်ဆိုတာကို ဖော်ညွှန်း ထားပါတယ်။