အနုပညာလောကမှာ အနုပညာရှင်တော်တော်များများကို ကိုယ်ပိုင်စီးပွားရေးုလုပ်ငန်းများ လုပ်ကိုင်လာကြတာ တွေ့ရပါတယ်။ သရုပ်ဆောင် မြတ်ကေသီအောင်ကလည်း လတ်တလောမှာ မောင်ဖြစ်သူနှင့်အတူ ဖွင့်လှစ်ထား တဲ့ “Coffee Lu” ဆိုတဲ့ စားသောက်ဆိုင်ကို ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။
သရုပ်ဆောင် မြတ်ကေသီအောင်ကို ကိုယ်ပိုင်စီးပွားရေး လုပ်ဖြစ်တဲ့ အကြောင်းအရာများ ၊ သူမရဲ့ ဘဝတလျှောက် ဖြတ်သန်းလာခဲ့တဲ့အချိန်မှာ တွေ့ကြုံခံစားခဲ့ရတဲ့ အချစ်နဲ့ ပတ်သက်သောအကြောင်းအရာများ ၊ လူမှုကွန်ရက်ပေါ်မှာ သူမ ရေးသားလျက်ရှိတဲ့ စာများနဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းထောက် ယုဖြူဟန်က မြတ်ကေသီအောင်နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
မေး။ ။ “Coffee Lu” ဆိုတဲ့ စားသောက်ဆိုင်ဖွင့်ဖြစ်ပုံကို အရင်ဆုံးသိချင်ပါတယ်။
ဖြေ။ ။ အစ်မက အရင်လိုကားရိုက်တွေကလည်း သိပ်အများကြီး မရှိတော့ဘူး။ အားနေတဲ့အချိန်တွေကလည်း များနေတယ်။ မောင်လေးကလည်း ဆိုင်လေးဖွင့်ချင်တယ်ဆိုတာနဲ့ သူ့စိတ်ကူးလေးက ပိုများပါတယ်။ ဒီကော်ဖီ ဆိုင်လေးကို စဖွင့်မယ်ဆိုပြီး ဒီမြေနေရာမှာက အရင်က အခန်း ၃ ခန်း ငှားထားတာကို ဖျက်ပြီးတော့ နှစ်ထပ်တိုက်လေးဆောက်ပြီး ဖွင့်လိုက်တာ။
မေး။ ။ တခြားစီးပွားရေးတွေ အများကြီးထဲကမှ အခုလိုဆိုင်ကို ဘယ်လိုကြောင့်ဖွင့်ခဲ့တာလဲ။
ဖြေ။ ။ Online Shopping တခုလုပ်ပြီး နိုင်ငံခြားက ပစ္စည်းတွေယူပြီး ဈေးရောင်းကြည့်တယ်။ ဈေးရောင်းတဲ့သူတွေက အရမ်းများတယ်၊ သိပ်အလုပ်မဖြစ်ဘူး။ ကိုယ်ကလည်း လိုက်မရောင်းနိုင်ဘူး။ မပြောပြနိုင်ဘူး။ အဲဒီတော့ ပစ္စည်းတွေက ကျန်ကျန်နေတာပေါ့။ စတိုးဆိုင်လေးဖွင့်မယ်ဆိုပြီးတော့ စဉ်းစားသေးတယ်။ အဲဒါကလည်း အဆင်မပြေဘူး။ ဒီစားသောက်ဆိုင်ကို ဘယ်လိုရွေးဖြစ်လဲဆိုရင် အမတို့ငယ်ငယ်တည်းက အစ်မမိဘတွေက အအေးဆိုင်ဖွင့် လာတယ် ဆိုတော့ အစ်မတို့က ဖျော်ရည်နဲ့အကျိုးပေးတယ်။ ရေခဲထုပ်လုပ်တုန်းကလည်း အောင်မြင်တယ်။
အအေးတုန်းကလည်း အောင်မြင်တယ်။ နောက်ဆုံးတော့ ကော်ဖီနဲ့အအေးဆိုင်လေးဖွင့်မယ်ဆိုပြီးတော့ ရည်ရွယ် လိုက်တာ။ ရည်ရွယ်တုန်းကတော့ ကော်ဖီဆိုင်လေးပေါ့နော်။ ကော်ဖီကနေ ထမင်းတွေဟင်းတွေ ထပ်တိုးလိုက်တော့ ဆိုင်ကအရမ်းကျဉ်းပြီးတော့ ဆိုင်မှာထိုင်စရာ နေရာမရှိတဲ့ထိ ဖြစ်သွားတယ်။
မေး။ ။ အခုဆိုရင် မိဘတွေမရှိတော့တဲ့နောက်မှာ မောင်နှမ ၂ယောက်ထဲ စီးပွားရေးလုပ်နေတယ်ဆိုတော့ ဘယ်လို ခံစားချက်ဖြစ်ပေါ်လဲ။
ဖြေ။ ။ အစ်မကို မောင်လေးက ညပိုင်းကို Cashier ထိုင်ပေးပါပေါ့နော်။ ကိုယ်လည်းစိတ်ပြေလက်ပျောက် အပျင်းပြေဆိုတော့ ထိုင်ပေးတာ မောင်နှမ၂ယောက်လုပ်နေတယ်ဆိုပေမယ့် သူက အပြင်လောကမှာ ကျင်လည်တော့ ပိုသိတယ်။ သူ့သဘောပဲပေါ့နော်။ မောင်လေးက အဖေနဲ့ အရမ်းတူတယ်။ သူ့ကိုကြည့်နေရင်းနဲ့ အဖေ့ကို ကြည့်နေရသလို ဖြစ်မိတယ်။ အသံကလည်း အရမ်းတူတယ်။ လှုပ်ရှားပုံတွေလည်း တူတယ်။ ဒီချိန်ဆို အဖေရှိရင် သိပ်ကောင်းမယ်လို့ သူက အစ်မတို့ထက် ဦးနှောက်ပိုပြေးတယ်။ ပိုနားလည်တဲ့အတွက် အကြံတွေလည်း အများကြီးရနိုင်တယ်။ အခုတော့ မောင်နှမ ၂ယောက်တည်း သူနားလည်သလောက် ကိုယ်နားလည်သလောက် အကြံပေးပြီး လုပ်နေရတာပေါ့။
မေး။ ။ အခုအနေအထားအရရော အဆင်ပြေနေတယ်လို့ ပြောလို့ရမလား။
ဖြေ။ ။ ပြေပါတယ်။ အဖေနဲ့အမေမရှိတော့ပေမယ့် မောင်နှမတွေက ချစ်ကြတယ်။ သူတို့တွေရှိတယ်။ စိတ်ထိခိုက် နေသလား။ စိတ်ဆင်းရဲနေသလား။ နှစ်သိမ့်ပေးကြတယ်။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးတယ်။ တခါတလေကျရင် အားငယ်တယ်။ ဒါပေမယ့် မောင်နှမကောင်းတွေရထားတာပဲ။ ဘာဝမ်းနည်းစရာရှိရမလဲပြီး ပြန်ဖြေသိမ့်ရတာပေါ့။
မေး။ ။ ထပ်ချဲ့သွားဖို့ရော ရှိမလား။
ဖြေ။ ။ဆိုင်ကတော့ မချဲ့သေးပါဘူး။ စိတ်ထဲမှာလုပ်ချင်တာကတော့ ဒါကြီးကို ဖြိုပြီးတော့ နောက်မှာ ထပ်ဆောက်ချင်စိတ်တော့ ရှိတယ်။ လောလောဆယ်တော့ ချဲ့နိုင်တဲ့အင်အားမရှိသေးတော့ ဒီတိုင်းလေးပဲ ဖွင့်ထားသေးတယ်။
မေး။ ။ ကိုယ်က မင်းသမီးတယောက်လည်း ဖြစ်တယ်။ အခုချိန်မှာ စီးပွားရေးလုပ်ကိုင်နေပြီဖြစ်တဲ့ သူတယောက်အနေနဲ့ ဘယ်လိုအတွေ့အကြုံမျိုးတွေရလဲ။
ဖြေ။ ။အစ်မက ဟိုးအရင်ကတည်းက မင်းသမီး မလုပ်ခင်ကတည်း စီးပွားရေးသမားတယောက် ဖြစ်ချင်တာ စိတ်ထဲမှာ။ ခေါင်းဆောင်နိုင်တဲ့ မိန်းမတယောက်ဖြစ်ချင်တယ်။ ဒါပေမယ့် အခုကတော့ကိုယ်က ခေါင်းဆောင်တယ်လို့တော့ ပြောလို့ မရဘူးပေါ့နော်။ ဘေးကနေ Support လုပ်ပေးနေရတာကို ပျော်နေတာ။
မေး။ ။ အစ်မဆိုရင် ဝေဖန်မှုတွေလည်းရှိတယ်။ အခုစားသောက်ဆိုင်ဖွင့်တဲ့အခါမှာရော ဘယ်လိုမျိုး ဝေဖန်မှုမျိုး ကြုံတွေ့ရသေးလဲ။
ဖြေ။ ။ဝေဖန်မှုတွေကတော့ အများကြီးရှိတာပေါ့။ ကိုယ့်လိပ်ပြာကိုယ်လုံဖို့အရေးကြီးတယ်။ ဒီဆိုင်က အစ်မမောင်နဲ့ မောင်နှမတွေ ဖွင့်ထားတဲ့ဆိုင် ဘယ်သူ့ အခကြေးငွေမှ မပါဘူး။ ကိုယ့်လုပ်အားနဲ့ မောင်နှမတွေစု ဖွင့်ထားတဲ့ဆိုင် ယုံချင်ယုံ၊ မယုံနေ။ ယုံပါလို့လည်း မပြောဘူး။ အစ်မကတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်။
မေး။ ။ ရွယ်တူမင်းသမီးတွေထဲမှာဆိုရင် အသက်ကြီးတယ်လို့ မထင်ရဘူးပေါ့နော်။ ကိုယ့်ကိုယ်ကိုယ်နုပျိုအောင် ဘယ်လိုနေထိုင်ဖြစ်လဲ။
ဖြေ။ ။ ကိုယ်ကနုတာတော့ မဟုတ်ဘူး။ အစ်မက အရမ်းခံစားလွယ်တယ်။ စိတ်ဓာတ်ကျသွားပြီဆိုရင် ဘာမှ မပြင်မဆင်တော့ဘဲနဲ့ စုတ်ပြတ်ပြီး အိမ်ထဲမှာခွေနေတာ။ အစ်မအပြင်သွားရမယ်ဆိုရင်တော့ သေသေချာချာလေး ပြင်ဆင်ပြီးသွားတော့ လူတွေက ငယ်တယ်လို့ထင်တာပါ။ နောက်ပြီးတော့ များသောအားဖြင့် လူတွေကတွေ့ရင် ထမီနဲ့ မတွေ့ကြဘူးလေ။ စကတ်တို ဘောင်းဘီတိုလေးတွေနဲ့ တွေ့ကြတာဆိုတော့ အရပ်ကလည်းပုတယ်။ လူကောင်ကလည်း သေးတော့ ချာတိတ်မလို့ ထင်ကောင်းလည်းထင်နိုင်တယ်ပေါ့။ ဒါပေမယ့် ဇရာကိုဘယ်သူက လွန်ဆန်လို့ရမှာလဲ။ မလွန်ဆန်နိုင်ပါဘူး။
မေး။ ။တချို့ဆိုရင် မျက်နှာပြုပြင်တာတွေ ရှိကြတယ်။ အဲဒီလိုရော လုပ်သွားဖို့ရှိလား။
ဖြေ။ ။အစ်မက လုပ်ချင်တယ်။ ဒါပေမယ့်မလုပ်ရဲဘူး။ ကြောက်လို့၊ ပြင်ချင်တာ မျက်ရစ်လေးတွေ ပြင်ချင်တယ်။ ဒီဟာလေးတခုပါပဲ။ မျက်ခုံးတွေဘာတွေလည်း မထိုးထားချင်ဘူး။ တခါတလေ ကားရိုက်ရှိရင် အဘွားခန်း တွေဘာတွေရိုက်ရင် မျက်ခုံးက ထင်းနေရင် အဆင်မပြေဘူး။
မေး။ ။ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း Facebook မှာတွေ့လိုက်ရရင် လူငယ်စတိုင်နဲ့မ ျားတယ်။ အဲဒီလိုမျိုး ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုလေ့လာဖြစ်လဲ။
ဖြေ။ ။ ဖက်ရှင်ဆိုရင် အစ်မက ဘာပေါ်လဲ ပေါ်တဲ့ဖက်ရှင်ကို လိုက်ဝတ်တယ်။ အစ်မ အသက်အရွယ်နဲ့ သူများတွေက ကလက်တယ်၊ အိုဗာဖြစ်တယ်လို့ပြောရင်လည်း ပြောလိမ့်မယ်။ ပြောချင်တာတွေပြော ကိုယ်စိတ်ချမ်းသာဖို့ အရေးကြီးတယ်။ ဘဝမှာ ကိုယ်ရှာထားတဲ့ ပိုက်ဆံကိုယ်တိုင်သုံးတာ ကိုယ့်ပိုက်ဆံနဲ့ဝယ်တာ ဘယ်သူ့မှ ဂရုမစိုက်ဘူး။
မေး။ ။ဝါသနာလည်း ပါတယ်။ အမြင်လည်းရှိတဲ့ အခါကျတော့ စီးပွားရေးအနေနဲ့ တွဲလုပ်ဖို့ရှိလား။
ဖြေ။ ။အဲဒီလို စိတ်ကူးတော့မရှိဘူး။ အဲဒီလိုလုပ်ရင် ရှုံးမှာပဲ။ အစ်မက အကျီင်္ဆိုင်တွေဘာတွေ မဖွင့်ရဲဘူး။ ဖက်ရှင်က အမြဲတမ်းပေါ်နေတာ။ သုံးလတကြိမ်လောက်ပေါ်နေတဲ့အခါကျတော့ အဲဒီအချိန်အတွင်းမှာ မရောင်းရရင် ဒိတ်အောက်ပြီး ပုံသွားလိမ့်မယ်။ အလုပ်လည်းရှုပ်တယ်။ အဲဒါကြောင့် စိတ်မဝင်စားဘူး။ အစားအသောက်ပဲ စိတ်ဝင်စားတယ်။
မေး။ ။Facebook ပေါ်မှာစာလေးတွေ ရေးတယ်။ အချစ်အကြောင်းလေးတွေတို့ အမျိုးသမီးတွေအတွက် စာလေးတွေတို့ ရေးတယ်ပေါ့။ အဲဒီအကြောင်းအရာလေးတွေက ဘယ်လိုအခြေခံပြီး ဖြစ်လာခဲ့တာလဲ။
ဖြေ။ ။ လူတွေက များသောအားဖြင့် မိန်းကလေးတွေပေါ့။ မိန်းကလေးတွေက အချစ်နဲ့ပတ်သက်ရင် အရမ်း ချစ်တတ် ကြတယ်။ ချစ်မိပြီဆိုရင် ဘာပြောပြောယုံကြတယ်။ ၁ ကိုတွေ့ရဲ့သားနဲ့ ပစောက်လို့ ပြောရင်လည်း ဒါဟာ ပစောက်ပဲဆိုပြီး ယုံကြတယ်။ အဲဒီလိုမျိုးဆိုတော့ လိမ်ခံရတာများတယ်။ အစ်မတို့ဆို အပြင်ပတ်ဝန်းကျင်လည်း မသိဘူး။ ကိုယ့်အနုပညာ အသိုင်းအဝိုင်းမှာပဲ နေရတဲ့အခါကျတော့ အပြင်ကအကြောင်းအရာတွေကို မသိဘူး။ လူလိမ်တွေနဲ့ တိုးတာ များတယ်။ သူတို့ကိုယ် သူတို့ လူပျိုပါဆိုပြီး လာပတ်သက်တဲ့သူတွေများတယ်။ အဲဒါတွေက ကုန်ကြမ်းတွေပေါ့။ တခုခု ရေးလိုက်တယ် ဆိုတာနဲ့ ခံစားချက်နဲ့ တိုက်ဆိုင်ကြတယ်။
မိန်းကလေးတွေက အသည်းကွဲတာများတယ်လေ။ ကွဲပြီးတော့လည်း ပြန်တမ်းတတဲ့လူတွေ ၊ ပြန်လှည့် မကြည့်တော့ ဘူးဆိုတဲ့သူတွေများတယ်။ အစ်မစာတွေက တပုဒ်နဲ့ တပုဒ် မတူဘူး။ တခါတလေလည်း ကြွေပြတဲ့စာတွေ ရှိတယ်။ အဲဒီတင်လိုက်ရင် ကြွေတဲ့သူကလည်း ကြွေတယ်သူ့အတွက်၊ ယောကျာ်းတွေကို မုန်းတဲ့အကြောင်းတင်လိုက်တာနဲ့ မုန်းကြတယ်။ တိုက်ဆိုင်တာတွေက များသွားတာပါ။ အစ်မစာတွေကလည်း စာရေးဆရာမ မဟုတ်တော့ ချက်ချင်း ချရေးဖို့အဆင်မပြေဘူး။ စာလုံးတွေစဉ်းစားရရင် တကြောင်းချရေးလိုက်၊ ထိပ်ဆုံးစာမျက်နှာက စာနဲ့ နောက်ဆုံးက စာကိုပြန်ဆက်နဲ့ပေါ့။
မေး။ ။အဲဒီစာတွေကိုရော တစုတစည်းတည်းနဲ့ ဖတ်လို့ရအောင် စာအုပ်ပြန်ထုတ်ဖို့ စိတ်ကူးရှိလား။
ဖြေ။ ။ထုတ်ဝေသူရှိတယ်။ အစ်မကိုပြောထားတာ ၂ယောက်လောက်။ ဒီစာတွေကိုထုတ်ချင်တယ်ပေါ့။ အမှန်အတိုင်း ပြောရရင် အစ်မကစာရေးဆရာမ မဟုတ်ဘူးရှက်တယ်။ အဲဒီလောက်ကြီး ကိုယ့်စာတွေက စာအုပ်ထုတ်လောက်တဲ့ အဆင့်မဟုတ်ဘူး။ ကိုယ့်ဘာသာ ချရေးထားပြီးတော့ ခံစားချက်နဲ့ တိုက်ဆိုင်သွားတာဆိုတော့ ဒါကြီးက မဖြစ်သင့်ဘူးလို့ပေါ့။ မလိမ်ချင်ဘူး။ ငါစာရေးဆရာမဟုတ်ဘဲ ဘာလို့စာအုပ်ထုတ်ရမှာလဲ ဆိုတဲ့အတွေးခေါင်း ထဲမှာရှိတယ်။
မေး။ ။ဘဝမှာ အချစ်နဲ့ပတ်သက်ပြီး သင်ခန်းစာတွေဘယ်လောက်ရခဲ့လဲ။
ဖြေ။ ။သင်ခန်းစာတွေ အများကြီးရခဲ့တာပေါ့။ အများကြီးရခဲ့လို့လည်း အိမ်ထောင်မပြုတော့တာပေါ့။
မေး။ ။ပြန်လိုချင်တဲ့သူမျိုးရှိတယ်လို့ ပြောခဲ့ဖူးတယ်။ အခုချိန်မှာရော။
ဖြေ။ ။ပထမဆုံးရည်းစားဦးပေါ့။ သူကအစ်မအပေါ်မှာ အရမ်းကောင်းတယ်။ မင်းသမီးလုပ်တာကလွဲလို့ ကျန်တာကို သူအားလုံး လုပ်ပေးနိုင်တယ်။ မင်းသမီးလုပ်တာကိုပဲ ခွင့်မလွှတ်နိုင်တာ။ ကိုယ်ကလည်း အဲဒီအချိန်က မင်းသမီး လုပ်ချင်တဲ့အချိန်ဆိုတော့ သူ့ကိုလက်လွှတ်ခဲ့တယ်။ အခုချိန်မှာ အစ်မက ၁လတကားလည်း မရိုက်ရတော့ဘူ။ ၂ လ တကားလည်း မရိုက်ရတော့ဘူး။ တခါတလေ ကိုယ်ကြိုက်ပြီး အံဝင်ခွင်ကျဖြစ်မယ့် ဇာတ်ပဲ လက်ခံတာဆိုတော့ အခုချိန်မှာ အလုပ်က မရှိသလောက်ဖြစ်သွားပြီပေါ့။ အခုချိန်မှာ မင်းအနုပညာမလုပ်နဲ့တော့ ငါနဲ့ပဲနေမလားဆိုရင် အဲဒီလိုမျိုး ပထမဆုံး ရည်းစားဦးကိုပဲ လက်ခံဖြစ်မယ်ထင်တယ်။
မေး။ ။သူကရော ပြန်ပြီးလက်ခံနိုင်မယ့် အနေအထားရှိသေးလား။
ဖြေ။ ။မရှိတော့ပါဘူး။ သူ့လိုလူမျိုးကိုပြောတာပါ။ သူကလည်း သူမိသားစုရှိတယ်လေ။ ကိုယ့်စကားကြောင့်တော့ မထိခိုက်စေချင်ဘူး။ သူက အရမ်းကောင်းခဲ့တဲ့သူပေါ့။ သူ့လိုလူမျိုးကို ပြန်လိုချင်တယ်လို့။
မေး။ ။အချစ်နဲ့ ပတ်သက်ပြီးတော့ ကိုယ့်လိုမိန်းကလေးတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။အချစ်က ယုံစရာကောင်းတဲ့အရာမှ မဟုတ်တာ။ အစ်မကအဲဒီလိုပဲမြင်တယ်။ ချင့်ချင့်ချိန်ချိန်နဲ့ ယုံကြပါ။ ပြောတိုင်းမယုံပါနဲ့။
ဆက်စပ် သတင်းလင့်ခ်များ – “အိမ်ထောင်ဆိုတဲ့ ထောင်ထဲ နောက်တခါ ပြန်မဝင်ချင်တော့ဘူး”ဆိုတဲ့ မြတ်ကေသီအောင်
“ဘယ်သူ့ အထောက်အပံ့မှ မပါဘဲ ဖွင့်ထားတဲ့ဆိုင်” လို့ ပြောတဲ့ မြတ်ကေသီအောင်