Entertainment

သူ မအောင်မြင်ခဲ့တဲ့ ဆယ်တန်း၊ ညီမဖြစ်သူကို အောင်စေချင်တယ် ပြောတဲ့ ရွှေမှုံရတီ

Want create site? Find Free WordPress Themes and plugins.

ဆယ်တန်း မအောင်မြင်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုများနဲ့ ကြုံတွေ့ခဲ့ရတဲ့ ရွှေမှုံရတီကတော့ သူမ မအောင်မြင်ခဲ့တဲ့ ဆယ်တန်းစာမေးပွဲကို ညီမဖြစ်သူ ငွေမှုံရတီကို အောင်စေချင်တယ်လို့ ပြောပါတယ်။

“ညီမက မင်းသမီးတယောက်အနေနဲ့ မဟုတ်ဘဲနဲ့ မိသားစုတခုမှာ အစ်မ တယောက်အနေနဲ့ ကိုယ့်ညီမကို ကိုယ် မဖြစ်ခဲ့ရတာ ဖြစ်စေချင်တယ်။ ညီမလည်း ဒါကိုဖြစ်အောင် လုပ်ဦးမှာပါ။ လုပ်ကိုလုပ်မှာပါ။ ညီမ မအားသေးလို့ပါ။ အချိန်တခုကို စောင့်နေတာပါ။ ညီမ လိုချင်တဲ့ အချိန်ရောက်ရင် ၁၀ တန်းလည်း ပြန်ဖြေမှာပါ။ သူ့အသက်အရွယ်နဲ့ ကတော့ ဒီလောက် နောက်မကျသင့်ဘူး။ အနုပညာအလုပ် အရမ်းလုပ်နေတာ မဟုတ်တော့ အချိန်ရတဲ့အတွက် အစ်မတယောက် အနေနဲ့ မြင်တာကိုပြောပြတာပါ”လို့ ရွှေမှုံရတီက ပြောပါတယ်။

သူမအနေနဲ့ အနုပညာအလုပ်များကို လုပ်နေတဲ့အတွက် မအားလပ်တာကြောင့် အချိန် မပေးနိုင်သေးဘဲ ညီမဖြစ်သူအနေနဲ့ အနုပညာအလုပ်များကို အများကြီးလုပ်နေတဲ့သူ မဟုတ်တဲ့အတွက် အဓိကအရေးပါတာကို အရင်ဆုံး လုပ်စေချင်တယ်လို့ ရွှေမှုံရတီက ဆိုပါတယ်။

ရွှေမှုံရတီရဲ့ ညီမ ဖြစ်သူ ငွေမှုံရတီ (ဓာတ်ပုံ – ထက်ဝေ/ ဧရာဝတီ)

သူမ အနေနဲ့လည်း အောင်မြင်နေတဲ့ မင်းသမီးတလက် ဖြစ်သော်လည်း ဆယ်တန်း မအောင်မြင်ခဲ့ခြင်းကို ဝေဖန် ပြောဆိုလာတဲ့အခါမျိုးတွေမှာ ခံစားရတာနဲ့ ပတ်သက်ပြီး “အားတော့ အားငယ်တာပေါ့နော်။ ဖြည့်တွေးရတာပေါ့။ အခြေအနေ အကြောင်းကြောင်းကြောင့် ဒါပေမယ့် ပြန်ကိုလုပ်မယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါတယ်။ ပြန်လုပ်ရင်လည်း အောင်အောင်မြင်မြင် တခုခုကို ဖြစ်မြောက်အောင် လုပ်မှာပါ” လို့ ပြောပါတယ်။

ရွှေမှုံရတီဟာ အသက် ငယ်ငယ်ရွယ်ရွယ်ဖြင့် အောင်မြင်မှုများ ရရှိထားတဲ့ မင်းသမီးတဦးဖြစ်ပေမယ့် တဖက်မှာလည်း ဝေဖန်မှုများနဲ့ အမြဲတမ်းကြုံတွေ့နေရတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။ ဒီဝေဖန်မှုတွေကလည်း သူမကို အောင်မြင်စေခဲ့တဲ့ အရာတွေဆိုရင်လည်း မမှားပါဘူး။

မေလ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သူမရဲ့ အသက် ၂၀ နှစ်ပြည့်မွေးနေ့မှာလည်း သူမရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုများရှိခဲ့ပါတယ်။ ဒီဝေဖန်မှုများနဲ့ ပတ်သက်လို့လည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“စိတ်မကောင်းတော့ မဖြစ်မိပါဘူး။ ညီမ မှားသွားတာကို တွေ့လို့ ပရိသတ်က ထောက်ပြတာပဲ ညီမ လက်ခံပါတယ်။ သဘောလည်းကျပါတယ်။ အမှားကိုမြင်ရင် အမှန်ကိုပြင်ရမှာပဲ။ နောက်ဒီလိုမျိုး မဖြစ်အောင် ဆင်ခြင်မယ်ဆိုတဲ့ စိတ်လေးဝင်သွားတာပေါ့။ ဘာပဲပြောပြော ဒီလိုထောက်ပြမှပဲ သိနိုင်မှာ။ လက်လွတ်စပါယ်နဲ့ ကိုယ်က ဘာစိတ်မှ မရှိဘူး ဆိုပေမယ့် မသင့်တော်တာတွေ ရှိတယ်။ ညီမတို့က မသိလိုက်ဘူး။ ဘေးကကြည့်တဲ့ သူတွေမှ သိတာ  ဘေးက ပြောပြနေမှ အမှားတွေပြင်ပြီးတော့ အကောင်းဆုံး အကောင်းဆုံးဆိုတာတွေပဲ လုပ်ပေးနိုင်မှာပါ” လို့ ရွှေမှုံရတီက ပြောပြပါတယ်။

လတ်တလောမှာတော့ ရွှေမှုံရတီက ဇာတ်ကားရိုက်ကူးမှုများ ဆက်တိုက်ရှိနေပြီး မကြာခင်မှာ ရိုက်ကူးတော့မယ့် “နှလုံးသားကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဧည့်သည်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်အသစ်တွေ ဖြစ်ကြတဲ့ ရွှေထူး ၊ နေခြည်ဦးတို့နဲ့အတူ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ် – အသက် ၂၀ နှစ်ပြည့် မွေးနေ့အလှူမှာ အဝတ်အစားနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ ရွှေမှုံရတီ

Did you find apk for android? You can find new Free Android Games and apps.
Loading