ဒီနေ့အတွက် ညွှန်းဆိုပေးမယ့် ရုပ်ရှင်ဇာတ်ကားကတော့ ယခုနှစ်အတွင်းမှာပဲ ထွက်ရှိထားတဲ့ “Hichki” လို့ အမည်ရတဲ့ ဟင်ဒီ ဟာသဒရာမာ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Sidharth P Malhotra က ရိုက်ကူးပေးထားပြီး Maneesh Sharma က ထုတ်လုပ်ပေးထားပါတယ်။
“Front of the Class: How Tourette Syndrome Made Me the Teacher I Never Had” လို့ အမည်ရတဲ့ Brad Cohen ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို မှီငြမ်းရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ “Hichki” မှာတော့ Tourette Syndrome လို့ခေါ်တဲ့ အကြောဆွဲရောဂါတမျိုးကို ခံစားနေရတဲ့ ကျောင်းဆရာမတဦးအဖြစ် မင်းသမီး Rani Mukerji က သရုပ်ဆောင် ထားပါတယ်။
မင်းသမီးဟာ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “No one killed Jessica” ဆိုတဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဆင်းရဲချို့တဲ့တဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ ကျောင်းသား ၁၄ ယောက်ရှိတဲ့ အတန်းမှာ အတန်းပိုင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တကျောင်းလုံးမှာ အညံံ့ဆုံးကျောင်းသားတွေကို အတော်ဆုံးဖြစ်အောင် သူ မတူတဲ့ သင်ကြားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှုတွေနဲ့ အကောင်းဆုံးဖန်တီးပေးခဲ့ပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။
မင်းသမီး Rani က ဒီရုပ်ရှင်ကို ကွယ်လွန်သူမင်းသမီး Sridevi ကို ပြသချင်ခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ဘဲ ဒီဇာတ်လမ်း လေးဟာ မင်းသမီး Sridevi ကွယ်လွန်ပြီး တလလောက်အကြာမှ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်း တခုလုံးကို မွမ်ဘိုင်းမြို့မှာရှိတဲ့ St Xavier ကောလိပ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ပြီးတော့ အခုလိုမျိုး အကြောဆွဲ ရောဂါသည် ဆရာမ တဦးအဖြစ် စိန်ခေါ်မှုကောင်းတဲ့ ဇာတ်ရုပ်မှာ ပါဝင်သရုပ်ဆောင်လိုတာကြောင့် ဒီရုပ်ရှင်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
Naina Mathur (Rani Mukerji) ဟာ BEd နဲ့ MSc ဘွဲ့တွေရရှိထားတဲ့ သူတယောက်ဖြစ်ပြီး Tourette syndrome လို့ ခေါ်တဲ့ တခါတရံ ကြို့ထိုးတတ်ပြီး အကြောဆွဲတတ်တဲ့ ရောဂါရှင်တယောက် ဖြစ်ပါတယ်။ ရောဂါကြောင့် ဖြစ်တတ်တဲ့ တောက်ခေါက်သံကြောင့် အများရဲ့ ငြိုငြင်မှုကို ငယ်စဉ်ကတည်းက ခံခဲ့ရသူ တယောက်လည်း ဖြစ်ပါတယ်။
အဲဒီရောဂါကြောင့်ပဲ ဘွဲ့ရပြီး ၅ နှစ်ကြာတဲ့အထိ အလုပ်ရှာတာ အဆင်မပြေခဲ့ပေမယ့် မိခင်နဲ့ မောင်ဖြစ်သူကို ထောက်ပံ့ လိုတဲ့ ရည်ရွယ်ချက်ရှိထားသူလည်း ဖြစ်ပါတယ်။ မိခင်နဲ့ ကွာရှင်းထားတဲ့ ဖခင်နဲ့လည်း ဆက်ဆံရေး အဆင်မပြေပါဘူး။ ငယ်စဉ်ဘဝကတည်းက သူဟာ ကျောင်းတော်တော်များများကနေ ထုတ်ပယ်မှုကို ခံခဲ့ရပြီး သူ့ရောဂါကြောင့်ပဲ မိဘနှစ်ဦး စကားများ လမ်းခွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။
တနေ့တော့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ဆက်တိုက် လျှောက်ထားလာခဲ့တဲ့ နာမည်ဂုဏ် သတင်းကြီးတဲ့ St. Notker’s School ကနေ ဆရာအဖြစ် ခန့်ထားဖို့ ကမ်းလှမ်းချက်တခုကို လက်ခံရရှိခဲ့ပါတယ်။ သူ့ရောဂါဟာ ရှက်စရာ မဟုတ်ဘူးလို့ သူ့ကို သင်ပေးခဲ့တဲ့ ယခင်ကျောင်းအုပ်ဟောင်းတဦးကြောင့် အဲဒီကျောင်းမှာ ဆရာဖြစ်ချင်ခဲ့တာလည်း ဖြစ်ပါတယ်။
တကယ်တော့ Naina ကို အလုပ်ခန့်လိုက်တာလည်း တကျောင်းလုံးမှာ အော်ကြောလန် 9F ဆိုတဲ့ အတန်းကို အတန်းပိုင် ဆရာမအဖြစ် တာဝန်ယူသင်ကြားပေးဖို့ပဲ ဖြစ်ပါတယ်။ ဆင်းရဲချို့တဲ့တဲ့ မိသားစုတွေကနေ မွေးဖွားလာသူတွေ ဖြစ်ပြီး စရိုက်ဆန်ဆန်နေကြတဲ့သူတွေ ဖြစ်တဲ့အတွက် ဘယ်ဆရာ၊ ဆရာမကမှ ဒီအခန်းကို သင်မပေးချင်ကြပါဘူး။ အစိုးရရဲ့ “ပညာမသင်ကြား မနေရ” စနစ်ကြောင့်သာ သူတို့လေးတွေကို လက်ခံထားရတာ ဖြစ်ပါတယ်။
အဲဒီအတန်းကို ပထမဆုံး စာသင်ကြားရတဲ့နေ့ကစလို့ စေတနာ၊ မေတ္တာ၊ ကရုဏာအပြည့်နဲ့ သင်ကြားပေးခဲ့ပေမယ့် သူ့ရောဂါကို အမျိုးမျိုး စနောက်ကြပြီး အနှောင့်အယှက်အမျိုးမျိုး ပေးခဲ့ကြပေမယ့် တခုခုကို လွယ်လွယ်နဲ့ အရှုံး မပေးတတ်တဲ့ ဆရာမလေး Naina ကြောင့် အော်ကြောလန် ကျောင်းသားတွေက အရှုံးပေးလိုုက်ရပါတော့တယ်။
အတန်းဆုံး စာမေးပွဲမှာ တတန်းလုံး မအောင်ပါက 9F အတန်းကို ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေကြားကနေ ဆရာမလေး Naina တယောက် တတန်းလုံးကို အောင်မြင်အောင် သင်ကြားပေးနိုင်ပါ့မလား။ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရနိုင်ဦးမလဲဆိုတာ “Hichki” ကို ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ IMDB Raiting (10/ 7.8) ရရှိထားတဲ့ ဘောလိဝုဒ် ရုပ်ရှင်ကားကောင်းတကား ဖြစ်ပါတယ်။